CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံတွင် ၄ နှစ်နီးပါးရှိလာပြီဖြစ်သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ဖြစ်နိုင်လားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား ဆွေးနွေးနေကြသည်။
လက်ရှိ အခြေအနေအရ အားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ပေါ်ပေါက်ရေးမှာ မဖြစ်နိုင်သော်လည်း တစ်ဖွဲ့ ချင်းစီနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြီးဆုံးသွားသည့်နောက် ညီလာခံကြီး တစ်ခု ပြုလုပ်၊ မလုပ် စောင့်ကြည့်ရမည့် အနေအထားဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဆွေးနွေးပွဲတွေ ရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ညီလာခံကြီး တစ်ခု အနေနဲ့ အားလုံး စုံစုံညီညီက လက်ရှိအခြေအနေမှာ ဖြစ်နိုင်ပါ့မလားပေါ့။ ဒါကတော့ မေးခွန်းထုတ်စရာရှိတယ်။ တကယ်လို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ။ ဖြစ်လာရင်တော့ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ အမြင်အရတော့ ဒီအချိန်မှာ အဖွဲ့တွေရဲ့ ပင်မဦးတည်တဲ့ ရည်ရွယ်ချက်တွေက တူကြတာမဟုတ်ဘူး။ တစ်ဖွဲ့ချင်းစီ သီးသန့်ဆွေးနွေးပြီးတော့မှ နောက် ဘုံသဘောတူညီချက် ပြန်ပေါင်းတဲ့ဟာမျိုး အဲဒါမျိုးက ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ မြေပြင်မှာ တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုတွေ ပြီးသွားပြီ။ အားလုံးပေါင်းပြီးမှ ညီလာခံကြီး တစ်ခုအနေနဲ့ လုပ်မယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ စောင့်ကြည့်ရမယ့် အနေအထားပါ” ဟု ပြောသည်။
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံတက်ရောက်တဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကို ကျင်းပနိုင်ရေး NSPNC နှင့် NCA လက်မှတ် ရေးထိုးထားသည့် EAO အဖွဲ့အချို့တို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြဖူးသည်။
NCA အရ ကျင်းပမည်ဆိုပါက NCA လက်မှတ် မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးနိုင်မှာ မဟုတ်သည့်အတွက် NCA ထက် ကျော်လွန်ကာ ကျင်းပနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။
လက်ရှိ မြန်မာ့နိုင်ငံအရေး အခင်းအကျင်းတွင် ညီလာခံတစ်ရပ် ကျင်းပမည်ဆိုပါက အင်အားကြီးသည့် တိုင်းရင်းသား လက်နက်ကကိုင် အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်လို့ သူတို့လုပ်မယ်ဆိုရင် အင်အားကြီးတဲ့ အဖွဲ့အစည်းတွေလည်းပါဖို့ လိုတယ်။ ဥပမာ ‘ဝ’ တို့ မိုင်းလားတို့ စသည်ဖြင့် ပါဖို့လိုတယ်။ သူတို့က အင်အားကြီးရုံတင်မကဘူး ဩဇာလည်းကြီးတော့ သူတို့ကိုယ်တိုင် ပါပြီးတော့မှ အခုအခြေအနေကို သာမန်မဟုတ်တောင်မှ သာမန်နီးနီး နည်းနည်း ပြန်တည်ငြိမ်အောင် ဘယ်လို လုပ်မလဲဆိုတာ လုပ်နိုင်လို့ရှိရင်တော့ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ ဒါမှမဟုတ် ပြန်လည်တွေ့ဆုံဆွေးနွေးရေး လုပ်သည်ဖြစ်စေ ဒါကတော့ အနည်းနဲ့ အများတော့ အထောက်အကူဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင် အရပ်သားအစိုးရ လက်ထက်တွင်လည်း ကျင်းပခဲ့ဖူးသော်လည်း အကျိုးသက်ရောက်မှု နည်းပါးခဲ့ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ်မှုများ ရှိနေကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။
NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြရာမှာလည်း နိုင်ငံရေးပါတီများ ဘက်က ငြိမ်းချမ်းရေးညီလာခံ ကဲ့သို့သော အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ခေါ်ယူကျင်းပရန် ဆွေးနွေး ထားကြသည်။
သို့သော် လက်ရှိအချိန်ထိ နစက-က ညီလာခံ တစ်ရပ် ကျင်းပရန် လက်ခံသည် လက်မခံသည်ကို ယတိပြတ် ပြောကြားခြင်း မရှိသေးပေ။