CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေသည့်တိုင် ဒေသခံများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က ထမနဲထိုးပြိုင်းပွဲ ကျင်းပခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ဝန်းသိုလ်စော်ဘွား ဦးအောင်မြတ်၏ မည်းတော် ဦးရွှေသား တည်ထားသည့် ဗန်းမောက်မြို့ဦး စေတီကုန်း လောကမာန်အောင်စေတီဝင်းအနီးမှာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပြိုင်ပွဲကို ဗန်းမောက်မြို့မိမြို့ဖများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း ဗန်းမောက်ဒေသခံများက ပြောသည်။

ဗန်းမောက်ဒေသခံတစ်ဦးက “ပွဲကတော့ နှစ်စဉ်ကျင်းပတဲ့ ပွဲလည်းဖြစ်ပြီး မနက်ဖြန် ကျရောက်မယ့် တပို့တွဲ လပြည့်ကလည်း  ဦးရွှေသား တည်ထားတဲ့ လောကမာန်အောင်စေတီရဲ့ ဘုရားပွဲနေ့ဗျ။ ဒီနှစ်ကတော့ ဘုရား အနေကဇာပဲတင်မယ်။ အခါတိုင်းလို ဘုရားပွဲတော် သုံးရက် ငါးရက်တော့ မကျင်းပဖြစ်တော့ဘူးပေါ့ဗျာ”ဟု ပြောသည်။

ထမနဲထိုးပြိုင်ပွဲတွင် အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ ယခင်နှစ်ကထက် ယခုနှစ်တွင် အသင်းအရေ အတွက် ပိုများလာကြောင်း၊ ဘုရားပွဲနှင့်ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုဆိုရင် နှစ်ပေါင်း ၆၀ ကျော် ရှိပြီဟု ဗန်းမောက်မြို့နယ် မြို့မိမြို့ဖတစ်ဦးက ပြောသည်။

ဗန်းမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လက်ရှိမှာလည်း စစ် ရေး တင်းမာလျက်ရှိနေသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်အင်အားများ လည်း ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။