CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ပဋိပက္ခဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က နစကဥက္ကဋ္ဌသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ နယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာ နေရသူများ အားလုံး ပါဝင်မှု ရှိစေရေး၊ စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယခု ကောက်ယူရရှိထားသည့် စာရင်းတွင် မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာ နေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျ စိစစ် ထောက်ပံ့ ပေးသွားရန်လိုကြောင်း ၎င်းက ပြောသည်။
နစကသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည် စုစုပေါင်း မည်မျှ ရှိသည်ကိုတော့ ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည် စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း UNOCHA က ထုတ်ပြန်ထားသည်။