CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ဖော်ထုတ်နိုင်သည့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကို မဖြစ်မ နေ ပြုလုပ်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုးခြင်း ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်း ပြော သွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ အစိုးရအနေနဲ့ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းမှာပဲ ဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်း နိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ မဲဆန္ဒရှင် ပြည်သူများရဲ့ ဆန္ဒမှန် ကို ထုတ်ဖော်နိုင်တဲ့ လွတ်လပ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမှာဖြစ် ကြောင်း အလေးအနက် ပြောကြားလိုပါတယ်”ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနေစဉ်

ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဟုပြောသော်လည်း မည်သည့် အချိန်တွင် ကျင်းပသွားမည်ကို တော့ အတိအကျ မပြောသွားပေ။

၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ပြီး ပါက ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌက ပြောကြားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ် ဆိုသူတွေကိုယ်တိုင်က မဲမသမာမှု တွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီ နည်းလမ်းကျဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့က လည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော်ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူ တွေ လူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင် စနစ်ကို အားပေးနေတာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရ တက်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား ဆက်လက် ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အရပ်သားအစိုးရ တက်လာခဲ့သည်။

ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အစိုးရက မဲဆန္ဒအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်သည်။

မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ ရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း ၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို ဆောင်ရွက်နေသလို ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ရေး ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးမည်ဖြစ်သလို ရွေးကောက် ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ ပြန်လည်လွှဲပြောင်းပေးသွားမည်ဟု ပြောထားသည်။