CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ 

ရွေးကောက်ပွဲအား အရေးပေါ်ကာလ ကြေညာပြီး ၂ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကျင်းပရန် ရည်ရွယ် ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် မလုပ်နိုင်ခဲ့ဟု ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)ကို ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့စဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတထိုင်သည့် ထိပ်ဆုံနေရာမှာ ယာယီသမ္မတ (တာဝန်)အဖြစ် နေရာယူကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်းအပ်နှံခဲ့မှု အခြေအနေများ၊ နစက အနေဖြင့် နိုင်ငံ့ တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို ရည်မှန်းချက်အဖြစ်ချမှတ်ထားမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအား အရေးပေါ်ကာလကြေညာပြီး ၂ နှစ်ပြည့် မြောက်သည့် အချိန်တွင် ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှု မရှိ သည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ဝိသမလောဘ စီးပွားရေးသမားများ၏ နိုင်ငံတော်စီးပွားရေး ကျဆင်းအောင် ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံ့စီးပွား ရေး တိုးတက်မှုရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးသွားခဲ့သည်။

ယခင်က ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပသွားမည်ဟု ယာယီသမ္မတ(တာဝန်) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သော်လည်း ကျင်းပနိုင်ခဲ့ခြင်းမရှိသည့်အတွက် ယခုအခါမှာတော့ ၂၀၂၅ ခုနှစ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကာ/လုံ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

အလားတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ လူဦးရေနှင့်သန်းခေါင်စာရင်းကို ကောက်ယူ မည်သည်။

ထို့နောက် ရွေးကောက်ပွဲ ကျင်းပကာ အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ယာယီသမ္မတ(တာဝန်)ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာ ခဲ့သည်။

အဆိုပါ အရေးပေါ် အခြေအနေ ကြေညာမှုသည် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂ နှစ်ပြည့်ခဲ့သော် လည်း နိုင်ငံမတည်ငြိမ်သည့်အတွက်ကြောင့် ၆ လ သက်တမ်း ၂ ကြိမ်တိုးမြှင့်ခဲ့ကြောင်း၊ ထို့နောက် ပုဒ်မ ၄၂၅ အရ နောက်ထပ် ၆ လ သက်တမ်း ၂ ကြိမ်တိုးမြှင့်ခဲ့ရာ ယခုဇူလိုင် ၃၁ ရက်နေ့မှာ ပြည့်မြောက်ခဲ့ကြောင်း၊ သို့ သော် နိုင်ငံတည်ငြိမ်မှု မရှိသေးခြင်းကြောင့် ပုဒ်မ ၄၂၅ နှင့်အညီ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ကြောင်း ကာ/လုံ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။