CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄

အထွေထွေရွေးကောက်ပွဲ ဖြစ်စေရေးနှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရအား အာဏာလွှဲပြောင်းပေး မည်ဟု ကတိပြုပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ ၎င်းက ကတိပြုထားခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရန်ဖြစ်ကြောင်း၊ စည်းစနစ်ကျနတဲ့ တရားမျှတပြီး သိက္ခာရှိတဲ့ အထွေထွေ ရွေးကောက်ပွဲ ဖြစ်စေရေးနဲ့ ရွေးကောက်ပွဲမှ ထွက်ပေါ် လာတဲ့ အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်သွားနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြု ပြောကြားလိုပါတယ်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားနိုင် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိပြီး လူနေအိမ်နှင့် အဆောက်အအုံ ပေါင်း သောင်းချီ မီးလောင်ပျက်စီးထားသည်။

ထို့ကြောင့် နစကသည် ရွေးကောက်ပွဲကို ကျင်းပခဲ့မည်ဆိုပါက နေပြည်တော်နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်နိုင်ကြောင်း၊ သို့သော် ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများတွင် တိုက်ပွဲများ ဖော်ဆောင်လာနေခြင်းကြောင့် အပြည့်အဝ ကျင်းပနိုင်ရန် ခက်ခဲနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြလျက်ရှိသည်။

နစကဥက္ကဋ္ဌကတော့ တပ်မတော်သည် ပြည်သူထဲက ပေါက်ဖွားလာသော တပ်မတော်ဖြစ်သည့်အတွက် နိုင်ငံတော်ကို အစွမ်းကုန် ကာကွယ်သွားမည်ဟု ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် ပြောကြားခဲ့သည်။