CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄

နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

မစ္စတာဝမ်ယိက “ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးနေပါကြောင်း၊ နိုင်ငံတကာ မျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ လိုအပ်သည့် နည်းပညာ ကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။

နစက၏ အန္နိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မဲစာ ရင်းများ တိကျမှန်ကန်မှု ရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့်အိမ် အကြောင်းအရာ သန်း ခေါင်စာရင်း ကောက်ယူသွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအရ ပါတီအားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်နေမှု အခြေ အနေများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။

နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပါတီများကို ပြန်လည်မှတ်ပုံ တင်ခိုင်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီ ၅၀ ကျော် UEC ထံ မှတ်ပုံတင်ခဲ့ရာ ပါတီ ၅၀ ကို မှတ်ပုံတင်ခွင့်ပြုထားပြီး ရခိုင်အမျိုး သားပါတီ(ANP)ကိုတော့ ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ထားသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အများဆုံး အနိုင်ရလေ့ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့ကတော့ ပါတီမှတ်ပုံတင်ခြင်းမရှိပေ။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောသည်။

တရုတ်အစိုးရက နစက ကျင်းပမည့် ရွေးကောက်ပွဲကို ကူညီမည်ဟု ပြောလာသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PDF)က နစက၏ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီး မည်ဟု ကြေညာထားသည်။