CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တရုတ်၏ ဖိအားကြောင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ တရုတ်ကသာ ၎င်း၏ ပြောဆိုမှုအပေါ် မူတည်ကာ နောက်ကလိုက် လုပ်နေရခြင်းဖြစ်ကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက် နေခြင်းသည် တရုတ်၏ ဖိအားပေးမှုကြောင့်ဟု အများစုက ရှုမြင်နေကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကျင်းပရေးမှာ တရုတ်ဖိအားကြောင့် မဟုတ်ဘဲ ၎င်းအတွက် တရားဝင်မှုရအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ဖိအား မဟုတ်ဘူး။ သူ့ တရားဝင်မှု ရှိအောင်ပေါ့။ တရုတ်ဖိအားကြောင့် သူလုပ်နေတာ မဟုတ်ဘူး။ သူ့ရဲ့ တရားဝင်မှု၊ သူက ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကို သူအာဏာသိမ်းရတာဟာ ရွေးကောက်ပွဲ မဲမသမာမှု ကြောင့် သိမ်းရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီးမှ အဲဒီတော့မှ သူက သမ္မတလုပ်လို့ ကောင်းမှာကို။ အဲဒီတော့ အဲဒါရဖို့အတွက် သူ့အတွက် တရားဝင်မှု ရဖို့အတွက်လုပ်တာ။ တရုတ်ဖိအားကြောင့် ရယ်လို့ မဟုတ်ဘူး။ တရုတ်က သူပြောမှ နောက်ကလိုက်ရတာ။ ဒါဖြင့် လုပ်မယ်ဆိုလည်းလုပ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေး၊ NLD ကို မတရားအသင်း မကြေညာပါနဲ့ဘာနဲ့ ဒါမျိုးက တရုတ်က နောက်မှလိုက်ရတာ။ မင်းအောင်လှိုင်ရဲ့ သူ့ရဲ့ပြောဆိုချက် ရွေးကောက်ပွဲဆိုတဲ့ဟာ အခုတော့ အားလုံးက ဝိုင်း ဖိအားပေးတဲ့ အခါကြတော့ မလွှဲမရှောင်သာ လုပ်ရမယ်ဖြစ်သွားတာ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်

ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာကို ကတိကဝတ်ပြု ပြောကြားထားပြီး ဇူလိုင် ၃၁ ရက်နေ့မှ စတင်ကာ နိုင်ငံတော်အုပ်ချုပ်မှုပုံစံလည်း ပြောင်းလဲသွားခဲ့သည်။

ထိုသို့ ပြောင်းလဲသွားမှုသည်လည်း တရုတ်၏ ဖိအားပေးမှုကြောင့်ဟု စစ်ရေးနှင့်နိုင်ငံ‌ရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပ မည်ဖြစ်ကာ ရွေးကောက်ပွဲကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျင်းပမည်ဟု စိတ်ပိုင်းဖြတ်ထား ကြောင်း သုံးသပ်မှုများရှိနေသည်။

သို့သော်လည်း ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖွယ် ရှိ၊မရှိ အပေါ် ပြည်တွင်း/ပြည်ပမှာ သဘောထား ကွဲလွဲမှုများ ရှိနေ ကြသည်။

နိုင်ငံတစ်ဝှမ်းနီးပါး လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့် နေချိန်တွင် ရွေးကောက်ပွဲ ကျင်းပမှုကြောင့် ထပ်မံ၍ အခက်အခဲ အကျပ်အတည်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း 7EAO Alliance မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်

၎င်းက “ရွေးကောက်ပွဲ အပေါ်မှာ ပြည်သူလူထုတွေရဲ့ စိတ်ပါဝင်စားမှုက ဘယ်လောက်အထိ ရနိုင်သလဲဆိုတာ ကလည်း အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒေသတည်ငြိမ် အေးချမ်းရေး ဆိုရင်လည်းပဲ အားလုံးသိတဲ့ အတိုင်း ပဲလေ။ ကျနော်တို့နိုင်ငံမှာ တစ်ခါမှ မကြုံဖူးတဲ့ လက်နက်ကိုင်ပဋိပက္ခ ကြီးမားကျယ်ပြန့်မှုက ဒီတစ်ကြိမ်ပဲရှိနေတဲ့ အချိန်မှာ ရွေးကောက်ပွဲအပေါ်မှာ 7EAO Alliance အနေနဲ့ ရွေးကောက်ပွဲကြောင့် နောက်ထပ် အခက်အခဲ အကျပ် အတည်းတွေ ဖြစ်ပေါ်လာမှာ ဆိုတာကိုလည်း စိုးရိမ်တယ်ဆိုတာကို အရင်တုန်းကလည်း ထုတ်ဖော်ပြောဆိုခဲ့တာ ရှိပါတယ်” ဟု ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံကမူ ရွေးကောက်ပွဲကို ဦးစားပေး မဟုတ်ဘဲ အကြမ်းဖက်မှု များ အားလုံးကို ရပ်စဲရန် ဦးစားပေး လုပ်ဆောင်မှသာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ဆွေးနွေးနိုင်မည်ဖြစ် ကြောင်း တိုက်တွန်းထားသည်။

သို့သော် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများထဲမှ အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံကြိုဆိုကြသည်။

ထို့ပြင် အိမ်နီးနားချင်း နိုင်ငံများက ရွေးကောက်ပွဲသည် ထွက်ရပ်လမ်းအဖြစ် ယူဆထားသောကြောင့် ဆက်လက်၍ အားပေးသွားမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား ထင်မြင်ယူဆလျက်ရှိသည်။