CNI International News

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၃

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ဖြစ်ပွားသော ဆန္ဒပြမှုများအတွင်း စစ်သားများကို ဖြန့်ကြက်ချခဲ့သည် ဟု အမေရိကန်စစ်တပ်အရာရှိ ၂ ဦးက ပြောကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီ လများအတွင်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား (California) ပြည်နယ်၊ လော့စ်အိန်ဂျလိစ် (Los Angeles) မြို့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း အန္တရာယ်ကြီးကြီးမားမား မရှိကြောင်း ထောက်လှမ်း ရေး သတင်းများ ရရှိခဲ့သည့်တိုင် အစိုးရအဆောက်အအုံများနှင့် အစိုးရဝန်ထမ်းများကို ကာကွယ်ရန် စစ်သားများ ကို စေလွှတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်အရာရှိ ၂ ဦးက ဩဂုတ် ၁၁ ရက်တွင် ထွက်ဆိုခဲ့သည်။

အမေရိကန်၏ လမ်းများပေါ်သို့ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်ပြီး အမှုရင်ဆိုင်ချိန်တွင် ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဆန်ဖရန်စစ္စကို (San Francisco) မြို့ အခြေစိုက် ခရိုင်တရားသူကြီး ချားလ်စ် ဘရီယာ (Charles Breyer) ၏ ၃ ရက်ကြာ စစ်ဆေးကြားနာမှု အစီအစဉ်အရ ထရမ့်အစိုးရအဖွဲ့သည် အရပ်ဘက် တရားဥပဒေစိုးမိုးရေးကို စစ်တပ် က ကြားဝင်ဆောင်ရွက်မှုအား တားမြစ်ထားသည့် ၁၉ ရာစုနှစ်က ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ စီရင်ချက် ချသွားမည်ဖြစ်သည်။

ထရမ့်သည် ဇွန်လက ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် လော့စ်အိန်ဂျလိစ်မြိုသို့ စစ်သားများ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် အစိုးရကမူ ထရမ့်၏ လုပ်ဆောင်ချက်သည် တရားမဝင်ကြောင်း ကြေညာခဲ့သည်။

မကြာသေးမီ လများအတွင်းက လော့စ်အိန်ဂျလိစ်မြို့တွင် လူဝင်မှုနှင့် အကောက်ခွန်ဌာန(ICE)မှ အရာရှိများသည် အထောက်အထားမဲ့ ရွှေ့ပြောင်းများကို ဖမ်းဆီးခဲ့သဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထရမ့်သည် ဇွန်လက လော့စ်အိန်ဂျလိစ်မြို့သို့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ နှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၄၀၀၀ ကို စေလွှတ်ခဲ့သည်။

ထရမ့်အစိုးရအဖွဲ့ကမူ ထိုစစ်သားများကို အရပ်ဘက် တရားဥပဒေစိုးမိုးရေးအတွက် အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ အစိုးရ အဆောက်အအုံများနှင့် ICE အေးဂျင့်များကို ကာကွယ်ရန် ဖြန့်ကြက်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထရမ့်က ဝါရှင်တန်တွင် ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များအား ဖြန့်ကြက် ချထားပြီး အခြားမြို့များတွင်လည်း အလားတူ အစီအစဉ်များ လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပြီးနောက် နာရီပိုင်း အကြာ၌ ကြားနာစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှုတွင် အမေရိကန် ကြည်းတပ်၏ ဗိုလ်ချုပ် စကော့ ရှာမန် (Scott Sherman) က အများဆုံး ထွက်ဆိုခဲ့သည်။

သူသည် လော့စ်အိန်ဂျလိစ်တွင် ဖြန့်ကြက်ချထားသည့် စစ်သားများနှင့် စစ်ဆင်းရေးကို ကြီးကြပ်ခဲ့ရသူဖြစ်သည်။

Source: ရိုက်တာ