CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန် လိုအပ်မည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က နေပြည်တော်မှာ ကျင်းပစဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်လာမည့် သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်မှု မရှိစေရေး နည်းလမ်း ပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်နေမှု များနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့်တား ကာကွယ်မှုများ ဆောင်ရွက်သွားရန် လိုအပ်မည်။ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်း ပူးပေါင်း ဖော်ထုတ်ရမည်ဖြစ်ပြီး တရားစီရင်ရေး ကဏ္ဍအနေဖြင့်လည်း အမြန်ဆုံး တရားစီရင်နိုင်ရန် လိုအပ်မည်”ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

သာမာန် အမှုအခင်းမျိုး မဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကျူးလွန်မှု ဖြစ်သဖြင့် ထိရောက်သည့် တရားစီရင်မှုများဖြင့် အမြန်ဆုံး တရားစီရင်နိုင်ရန် လိုအပ်မည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားရန် စီစဉ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း(EAO)တချို့ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ နွေဦးတော်လှန်ရေးအင်အားစုများ စသည့် အဖွဲ့အစည်းများက ထုတ်ပြန် ကြေညာထားသည်။

အလားတူ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကိုလည်း ထိရောက်စွာ အရေးယူ အပြစ်ပေးမည်ဟု လက်နက်ကိုင်များနှင့် နွေဦးတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲမဲထည့်နေကြစဉ်

ထို့ကြောင့် ‌ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ သည် လုံခြုံရေး စိုးရိမ်နေကြသည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုကို လုံခြုံ အောင် ကာကွယ်ပေးရေး စီစဉ်ဆောင်ရွက်ထားကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့နောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်သူ၊ ဖျက်ဆီးသူနှင့် အသတ်သေဆုံးအောင် ကျူးလွန်သူ၊ ကျူး လွန်အောင် လှုံ့ဆော်ပေးသူတို့အား အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းနှင့် သေဒဏ် ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။