CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ်
ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်သည့် တရုတ်ဩဇာလွှမ်းမိုး ချုပ်ကိုင်မှု ရှိနေသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က သူ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရေးသားထုတ်ဖော် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော်သည် လက်ရှိ တော်လှန်ရေးမှာ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲဆိုသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲ။ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ မြန်မာစစ်အာဏာရှင်၏ လုပ်ရပ်များ၊ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်တဲ့ တရုတ် ဩဇာလွှမ်းမိုးချုပ်ကိုင်မှု။ အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ ပြည်သူလူထု၊ တော်လှန် ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာ။ အခြား အရာတွေလည်း ရှိနိုင်ပါသေး တယ်လေ။ ဒီလိုပဲ လှဲကျလိုက် ပြန်ထလိုက်နဲ့ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အဆင့်ဆင့် ဖြတ်ကျော် ကြရမှာ ပါပဲ ရဲဘော်တို့”ဟု ပြောသည်။
TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့ (AA) တို့အပါအဝင် PDF များ၊ BPLA၊ KNDA၊ BNRA၊ MDY-PDF များ စုစည်းကာ ဖော်ဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် တို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ် တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော် ရေးသားထားသော စာကိုတွေ့ရစဉ်
ထို့နောက် တရုတ်အစိုးရက တိုက်ပွဲများ ရပ်တန့်ရန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ရန် ဖိအားပေးလာခဲ့ပြီးနောက် TNLA ကို ဖြတ် ၅ ဖြတ်လုပ်ခဲ့သည်။
အလားတူ ကိုးကန့်ကိုလည်း တိုက်ပွဲများ ပူးပေါင်းမှုမလုပ်ရန်နှင့် ထိုးစစ်ဆင်မှုများ မလုပ်ရန် ဖိအားပေးကာ လားရှိုးမြို့ကနေ ပြန်လည် ဆုတ်ခွာခိုင်ခဲ့သလို TNLA အား လက်နက်ခဲယမ်း ထောက်ပံ့မှုများ လုပ်ခြင်းကို ပိတ် ပင်ခဲ့သည်။
ထို့ကြောင့် TNLA သည် မြန်မာ့တပ်မတော်နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆-၁၇ ရက်က ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဧပြီ ၂၈-၂၉ ရက်က ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တွင် တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်နေကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ပြန်လည် ထိန်းချုပ်ခဲ့သလို ကျောက်မဲ၊ သီပေါ၊ မိုးကုတ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိနေသည်။
တော်လှန်ရေးအသိုင်းအဝန်းဖြင့် နီးစပ်သူများကတော့ တရုတ်သည် “ဝ”နှင့် ကိုးကန့်အား TNLA ထံ လက်နက်ခဲ ယမ်းများ ရောင်းချပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းကို တားမြစ်ထားကြောင်း၊ TNLA သည် သေနတ်ရှိပြီး ကျည်ဆံ မရှိသည့်အတွက် ထိုးစစ်ဆင်တိုက်ခိုက်မှု မလုပ်နိုင်ဘဲ ခံစစ်ဖြင့်သာ တရုတ်၏ ပေါ်လစီ အပြောင်းအလဲကို စောင့် နေသည်ဟု ပြောသည်။