CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃

ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်သည့်အတွက် လုံခြုံရေး အာမခံချက် ရှိအောင် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက် နေပြည်တော်မှာ ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာ မြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်။ ရွေးကောက်ပွဲ ဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြ်ငမှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်သည်”ဟု ပြောသည်။

ထို့နောက် ပြည်ပနိုင်ငံများ အနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပေါ် ထောက်ခံအားပေးသည့် အပြုသဘောဆောင်သော နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒက တက်သည့် နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ မသမာမှု ကင်းရှင်းသည့် ရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်း များအနေဖြင့် မဲဆွယ်စည်းရုံးသည့် ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လို အပ်သည့် ကာကွယ်ပေးမှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်။ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန်လိုအပ်မည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားရန် စီစဉ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း(EAO)တချို့ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ နွေဦးတော်လှန်ရေးအင်အားစုများ စသည့် အဖွဲ့အစည်းများက ထုတ်ပြန် ကြေညာထားသည်။

ထို့ကြောင့် ‌ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ သည် လုံခြုံရေး စိုးရိမ်နေကြသည်။