CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄

ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင် လမ်းစဉ်ကြောင့် ဖြစ်သည်ဆိုတာ အမှန်တိုင်း ရှုမြင်ဖို့ အချိန်ကျ နေပြီဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေက တပ်မတော် အနေနဲ့ ဒီမိုကရေစီ နောက်ပြန်ဆွဲ လုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့ အတူ အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြတယ်။ လက်နက်ကိုင် လမ်းစဉ်တွေကြောင့် မျှော်မှန်း တည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီလို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့ တာကို သင်ခန်းစာယူဖို့ လိုသလို ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင် လမ်းစဉ်ကြောင့် ဖြစ်တယ်ဆို တာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်”ဟု ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းချက်တူကြလျှင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ဥပဒေဘောင်အတွင်း ဝင် ရောက်လာဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ၎င်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ် အကြောင်းတရားတွေကို လက်ညှိုးထိုး ပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ဟာ ရှိထားပြီးသား ကတိကဝတ် တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို ရှင်းလင်း တိကျစွာ ပြဋ္ဌာန်းထားပြီး ဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ဖြစ်ချင်တာများကို ပြောဆိုနေမည့်အစား ဖြစ်သင့်တာများအား ပြောဆို၍ ဖြစ်နိုင်တာများကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမှာ ဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည် ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၊ အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင် စသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်း၍ ယနေ့ထိ အုပ်ချုပ်လျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့ကြောင့် NLD ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ လက်နက်ကိုင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အနုပညာရှင်များ စုပေါင်း၍ မြန်မာ့တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြ ပြီးနောက် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲကာ ပြန်လည် ဖြုတ်ချရန် ကြိုးပမ်းလျက်ရှိသည်။ 

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေပြီး ပြည်သူလူထု ၃ သန်းကျော် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသလို လူနေအိမ်များနှင့် အဆောက်အအုံများ သိန်းချီ မီးလောင်ပျက်စီးလျက် ရှိသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေး‌ကောက်ပွဲ အပိုင်း(၁) ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပ၍ နိုင်ငံတော်အာဏာကို အနိုင်ရပါတီထံ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။