CNI International News
ခို့စ်၊ ဒီဇင်ဘာ ၄
အာဖဂန်နစ္စတန်တွင် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက ၎င်း၏မိသားစုအား သတ်ဖြတ်ခဲ့သည်ဟု ပြစ်မှုထင်ရှား တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးကို လူမြင်ကွင်း၌ စီရင်ကွပ်မျက်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အာဖဂန်တရားရုံးချုပ်က ကလေး ၉ ဦးနှင့် မိခင်တစ်ဦး အပါအဝင် မိသားစုဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားအား လူမြင်ကွင်းတွင် စီရင်ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အာဖဂန်၏ ရှေ့ပိုင်း ခို့စ် (Khost) မြို့ရှိ အားကစားရုံတွင် ဒီဇင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် စီရင်ကွပ်မျက်မှုကို သေဆုံးသူ မိသားစု၏ ဆွေမျိုးများ အပါအဝင် လူပေါင်း ၈၀,၀၀၀ ခန့် တက်ရောက်ကြည့်ရှုခဲ့သည်။
၂၀၂၁ ခုနှစ်က အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီးနောက်ပိုင်း ယခုအမှုသည် ၁၁ ကြိမ်မြောက် လူမြင်ကွင်း၌ သေဒဏ်စီရင် ကွပ်မျက်ခြင်း ဖြစ်သည်ဟု တရားရုံးချုပ်က ပြောကြားခဲ့သည်။

တာလီဘန်တွေကို တွေ့ရစဉ်
အာဖဂန်၏ တာလီဘန်အစိုးရသည် အစ္စလာမ်မစ်ဥပဒေကို တင်းကျပ်စွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ပြဋ္ဌာန်းခဲ့ကာ ထိုဥပဒေများအနက် လူမြင်ကွင်းတွင် သေဒဏ်စီရင်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများကို အလယ်တန်း ကျောင်းများနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားခွင့် ပိတ်ပင်ခြင်း၊ အလုပ်အများစုကို ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ခြင်းတို့ ပါဝင်ခဲ့သည်။
အယူခံတရားရုံးနှင့် အထက်တရားရုံးက တရားခံအား သေဒဏ်ချမှတ်မှုကို အတည်ပြုခဲ့ပြီးနောက် အာဖဂန်၏ အမြင့်ဆုံးခေါင်းဆောင် ဟိုင်ဘာတူလာ အက်ခွန်ဇာဒါ (Hibatullah Akhundzada) ၏ အမည်ပြုချက်ဖြင့် စီရင် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။
တရားခံကို ၎င်းသတ်ဖြတ်ခဲ့သည့် မိသားစုနှင့် ဆွေမျိုး တော်စပ်သူတစ်ဦးက သေနတ်ဖြင့်ပစ်ပြီး စီရင်ကွပ်မျက်ခဲ့ ကြောင်း ခို့စ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မူစတက်ဖာ ဂေါ်ဘက်ဇ် (Mustaghfir Gorbaz) က ပြောကြားခဲ့သည်။
ဒေသခံ မီဒီယာများတွင်မူ တရားခံအား သေနတ်ဖြင့် ပစ်ပြီး စီရင်ကွပ်မျက်ခဲ့သူသည် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး တစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ၏ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရစ်ချက် ဘန်နက် (Richard Bennet) ကမူ အာဖဂန်တွင် လူမြင်ကွင်း၌ သေဒဏ်စီရင်မှုများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
Source: South China Morning Post
