CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄ 

မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲပေါ် ပြည်သူလူထုက လှုပ်လှုပ်ခတ်ခတ် ဖြစ်ခြင်းမျိုး သိပ်မတွေ့မိဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲအပေါ်  လက်ရှိအချိန်ထိ ပြည်သူလူထု စိတ်ဝင်စားမှုသည် လျော့နည်းနေသေး ကြောင်း၊ ရွေးကောက်ပွဲ အတွက်ကို လှုပ်လှုပ်ခတ်ခတ် မတွေ့မိသေးဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက် အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော်တို့ အခု ဘာပဲဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲပေါ့၊ ရွေးကောက်ပွဲ ကြီးတွေပဲလေ။ ကြားဖြတ် ရွေးကောက်ပွဲကို ဖယ်ပြီးတော့မှ ကြည့်လိုက်မယ်ဆိုရင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အခု ၂၀၂၅ ‌‌ပေါ့၊ ဒီအချိန်မှာ ဒီရှေ့က ရွေးကောက်ပွဲ သုံးခုနဲ့ ယှဥ်လိုက်လို့ရှိရင် ကျနော်တို့ လူထုစိတ်ဝင်စားမှုက တော်တော်ကို လျော့နေတယ်လို့ ပြော လို့ ရတယ်ပေါ့၊ ပြောလို့ရတယ်။ အခုချိန်ထိကိုလည်း လှုပ်လှုပ်ခတ်ခတ် ဆိုတဲ့ဟာမှာ တစ်ခုတော့ ရှိပါတယ်။ ပြော ရရင်လည်း ဘာလဲဆိုတော့ ကော်မရှင်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကလည်း အင်မတန်ကို များတယ်ပေါ့။ စည်းမျဥ်း စည်းကမ်းများတယ် စည်းမျဥ်းစည်းကမ်း တော်တော် ကြပ်ထားတာတွေပါတယ်။ ပြီးရင် နောက်တစ်ခုက ဘာလဲ ဆိုတော့ တစ်မြို့နယ် တစ်မြို့နယ်နဲ့လည်း သိပ်ပြီးတော့မှ တချို့မြို့နယ်မှာ ဒီလို ကိစ္စမျိုးက ရပေမယ့် တချို့ မြို့နယ်မှာ အဲ့လိုမရဘူးဆိုတဲ့ ဟာမျိုးတွေလည်း တွေ့ရတယ်၊ တွေ့ရတဲ့အခါကျတော့ နိုင်ငံရေးသမားတွေအနေနဲ့ ပါတီတွေအနေနဲ့လည်း လုပ်ရကိုင်ရတာ နည်းနည်းတော့ အကျပ်အတည်းလေးတွေ ရှိနေတုန်းတော့ တွေ့ရတယ် ပေါ့လေ။ ခါတိုင်း ရွေးကောက်ပွဲ သုံးခုနဲ့ ယှဥ်လိုက်လို့ရှိရင်တော့ အခုဒီ ရွေးကောက်ပွဲ တော်တော်လေး ငြိမ်ငြိမ် သက်သက်ကြီး ဖြစ်နေတာကို မြင်ရတယ်ပေါ့” ဟု ပြောသည်။ 

ရွေးကောက်ပွဲ မဲပေးစက်ကို လူထုက လေ့လာနေစဉ်

ထို့ပြင် နိုင်ငံ‌‌ရေးပါတီများ အနေဖြင့်လည်း ရွေးကောက်ပွဲသည် နိုင်ငံ့အတွက် ကောင်းမွန်သည့် လမ်းစဖြစ်သည်ကို ပြည်သူများ နားလည် သဘောပေါက်စေရန် အားသွန်ခွန်စိုက် လှုံ့ဆော်နိုင်ရန် လိုအပ်သည်ဟု ဦးထက်အောင် ကျော်မှ ထောက်ပြသည်။ 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ နားလည်နိုင်မှု လွဲမှားနေသည့် အချိန်တွင် သဘောထားအမြင် မှတ်ချက် အမျိုးမျိုး ထွက်လာနိုင်ကြောင်း၊ ရွေးကောက်ပွဲ၏ အလေ့အထများကို နားလည်နိုင်ရန် အရေးကြီးသည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိက,က ရွေးကောက်ပွဲ လမ်းကြောင်းပေါ်ကို ပြန်ရောက်ဖို့အတွက် ပထမဆုံးစတင် ကျင်းပရတဲ့ ရွေးကောက်ပွဲမျိုး အဲ့အချိန်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနဲ့ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးပေါ့၊ ခုနကပြောတဲ့ (Free and Fair Election) ဆိုတာပုံမှန်ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေမှာ အဲဒီအပေါ်မှာ အခြေခံပြီး ပြောဖို့ လိုပေမယ့် ဒီလိုမျိုး ကြားထဲမှာ ကြားဖြတ်ကျင်းပရတဲ့ နေရာမျိုးမှာတော့ (Free and Fair) အော်တာက နေရာတကာ စွတ်ပြီး တော့ အော်လို့မရဘူး၊ အဲ့ပြဿနာရှိတယ်။ အဲ့တော့  Free and Fair အော်လို့မရလို့ Free and Fair မဟုတ်ဘူး လား ဆိုတော့လည်း အဲ့လိုပြောလို့မရဘူး။ Free and Fair ဖြစ်ဖို့အတွက် ကျနော်တို့က အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားရမှာ ဆိုလိုတာက နေရာတိုင်းမှာတော့ Free and Fair ဆိုတဲ့ဟာကြီးကို ပုံသေကြီးသွား ကိုင်ပြီးတော့ Free and Fair ဖြစ်မှ ငါတို့ ဒါကို လက်ခံမယ်ဆိုတဲ့ဟာမျိုး သဘောထားလို့ မရဘူးလို့ ဆိုလိုချင်တာ။ ဒါသည် (Transitional) ပြီးတော့မှ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် လိုအပ်ချက်တွေ ရှိပါလိမ့် မယ်။ ဒါပေမယ့် အဲဒီ လိုအပ်ချက်တွေကို နောက်ထပ် ဆက်တိုက် ကျော်ဖြတ်ဖို့အတွက် ကျနော်တို့က ရွေးကောက် ပွဲ ပုံမှန် ကျင်းပနိုင်ဖို့နဲ့ အဲ့ရွေးကောက်ပွဲ အလေ့အထတွေ အကုန်လုံး နားလည်နိုင်ဖို့ အ‌ရေးကြီးတယ်။ အဲဒီလိုမျိုး နားလည်မှု လွဲမှားနေတဲ့ အချိန်မှာတော့ ဒီလိုမျိုး သဘောထားအမြင် မှတ်ချက်တွေ မျိုးစုံထွက်ပါလိမ့်မယ် အဲတော့ အထွေအထူး ပြောရမလားဆိုရင်တော့ ပြောစရာတော့ မရှိပါဘူး။ ရွေးကောက်ပွဲရဲ့ သဘောသဘာဝကို နားလည်မှု လွဲနေတဲ့အတွက်ကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ပဲ သုံးသပ်ပါလိမ့်မယ်” ဟု ပြောသည်။ 

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားကြသည်။ 

ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဆန္ဒမဲ‌ပေးရန်အတွက် အခက်အခဲများ ကြုံတွေ့နေရပြီး မဲစာရင်းပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် ၎င်းတို့၏ အိမ်ထောင် စု စာရင်း အချက်အလက်များ ရှိနေခြင်းကြောင့် ပြဿနာရှာ မည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေး၊ မပေးရန် စဥ်းစားနေကြသူများလည်း ရှိနေသည်။ 

အလားတူ ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ်ကို ဖွဲ့စည်းသည့်အခါမှာလည်း တပ်မတော်နှင့် USDP ပါတီက ဦးဆောင်လာနိုင်ခြင်းကြောင့် မည်သည့် အပြောင်းအလဲမှ မဖြစ်နိုင်ဘူးဆိုကာ ပြည်သူလူထုများက ယူဆထား၍ လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။

သို့သော် ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့ကို ဦးသိန်းစိန် အစိုးရလက်ထက်၌ ဖွဲ့စည်းခဲ့သော အစိုးရပုံစံမျိုး ဖြစ်လာ မည်ဆိုပါက အပြောင်းအလဲဖြစ်နိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယုံကြည်အားကိုးသူအား သမ္မတ တင်မြှောက်၍ အစိုးရဖွဲ့လာမည်ဆိုပါကလည်း အနည်းငယ် အပြောင်းအလဲရှိနိုင်‌ကြောင်း၊ သို့မဟုတ် ဗိုလ်ချုပ်မှူး ကြီး မင်း‌အောင်လှိုင် သမ္မတလုပ်ကာ အစိုးရကိုဖွဲ့စည်းပြီး လက်ရှိမူဝါဒအတိုင်း သွားမည်ဆိုပါက အပြောင်းအလဲ ဖြစ်ရန် ခက်ခဲနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။