CNI News

၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁၈

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မည်သည့် ကိစ္စရပ် များကို ပထမဆုံး ဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်သလဲ ဆိုသည့်အပေါ်  နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများအကြား သုံးသပ်မှုများ ရှိနေကြသည်။ 

ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရသည် လူမှုဘဝ ပြန်လည်ထူထောင်ရာတွင် နိုင်ငံရေး တည်ငြိမ်မှုရှိရန် လိုအပ်သည့်အတွက် နိုင်ငံ့ ငြိမ်းချမ်းရေး ကိစ္စရပ်များကို  ဦးစားပေး လုပ်‌ဆောင်သွားသင့်သလို အမျိုးသားညီညွတ် ရေးအစိုးရ အသွင်သဏ္ဍာန်မျိုး ဖွဲ့စည်းပါက နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။ 

‌ရွေးကောက်ပွဲအလွန် ပေါ်‌ပေါက်လာမည့် အစိုးရတစ်ရပ် အနေဖြင့် အဓိကအားဖြင့် ကုန်စျေးနှုန်း တည်ငြိမ် ကျဆင်းမှု၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ Sanction ရုတ်သိမ်းရန်အတွက် ကြိုးစားသင့် ကြောင်း၊ ပြည်သူလူထုများ လျှပ်စစ်မီး ပုံမှန် ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။ 

ကုန်ဈေးတန်းကို တွေ့ရစဉ်

၎င်းက “ရေတို စီမံကိန်းအနေနဲ့ အဓိက အရေးကြီးဆုံးက ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရမယ်၊ အလုပ်အကိုင် တွေ ရရှိအောင် လုပ်ရမယ်၊ နိုင်ငံတကာနဲ့။ ဒီပေါ်လာပြီဆိုလို့ရှိရင် (Sanction) လည်း လွတ်ကင်းအောင် (Sanction Leave) လုပ်နိုင်အောင် အဲ့တာ ကြိုးစားပေးရမယ်။ Sanction ရုတ်သိမ်း ထားတယ်ဆိုလို့ရှိရင် အလိုလို နေရင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာတော့မယ်လေ။ လာရင် ဒါ အလုပ်အကိုင် အခွင့်အလမ်းတွေလည်းရမယ် ကုန်စျေးနှုန်းတွေလည်း အထိုက်အလျောက်တော့ တည်ငြိမ်သွားမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရမယ်၊ ကျပ်ငွေလည်း တန်ဖိုးတက်လာမယ်လို့ မြင်တယ်လေ။ အဲ့တာ အားချင်းလုပ်ရမယ် ရက် ၁၀၀ လေးပဲ ဆိုပေမယ့် ဒီလျှပ်စစ်ကို စက်မှုဇုန်တွေမှာ လျှပ်စစ်ရအောင် မြန်မြန်လုပ်ပေးရမယ်။ ပြည်သူလူထုလည်း လျှပ်စစ်မီး ရအောင် လုပ်ပေးရမယ် အဲ့တာတွေက အရေးကြီးတယ်။ ခုက ကုန်စျေးနှုန်းတွေက အရမ်းကြီး မြင့်နေတယ်၊ ပြည်သူလူထုက စားဝတ်နေရေး အခက်အခဲရှိတယ်၊ အထူးသဖြင့် အခြေခံ လူတန်းစားတွေမှာ အရမ်း အခက်အခဲ ဖြစ်တယ်၊ အဲတာကို ဦးစား‌ပေး လုပ်ရမယ် တက်လာတဲ့ အစိုးရက” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထုများ၊ အဓိကအားဖြင့် အခြေခံ လူတန်းစားများ အခက်ကြုံတွေ့နေရသည့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကို ဦးစားပေး ဆောင်ရွက်လိုကြောင်း၊ ၎င်းကိစ္စရပ်များသည် အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့် ကိစ္စရပ်များဖြစ်ပြီး ပြည်သူနှင့်တိုက်ရိုက် သက်ဆိုင်သည့်အတွက် ဦးစွာ ဖြေရှင်းသင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။ 

မဲ‌ပေးရန် စောင့်နေကြသူများကို တွေ့ရစဉ်

၎င်းက “မဖြစ်သင့် မဖြစ်ထိုက်ဘဲ ဖြစ်နေတဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုပေါ့။ အဲ့ဒီဟာကိုက အခုတင်ပြလိုက် အခု ဖြေရှင်းလိုက် အခုပြီးသွားမယ့်ကိစ္စ ချက်ချင်း ပြီးသွားမယ့်ကိစ္စ လွယ်လွယ်လေးကို ကျနော်တို့ ဘာသာ ကျနော်တို့ နားရွက်ပတ်ကိုင်ပြီး ရှုပ်နေတဲ့ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲ့တာကတော့ အမြန်ဆုံး တင်ပြပြီးတာနဲ့ ချက်ချင်း ပြီးမယ့် ကိစ္စဆိုတော့ ပထမဦးဆုံး လုပ်သင့်တဲ့ကိစ္စလို့တော့ ကျနော်ကတော့ တိုက်တွန်းလိုတယ်ပေါ့။ ကျနော်တို့သာ ပါတီဆက်ရှိနေရင် ဆက်လုပ်မယ်ဆို ပထမဦးဆုံး လွှတ်တော်မှာ တင်မယ့် ဟာကတော့ အဲဒီအဆိုပေါ့။ အဲဒါပဲ ဖြစ်ပါလိမ့်မယ် အဲ့အတွက်ကြောင့်မို့လို့ ဒါမျိုးဟာတွေကို လုပ်လိုက်ခြင်းအားဖြင့် အခုလက်ရှိ ဆေးနဲ့ ပတ်သက်တဲ့ ဟာတွေ ဆိုလို့ရှိရင် ပြည်သူလူထု တော်တော် ခံစားနေရတဲ့ကိစ္စ ဆေးတွေ ဆေးဝါးစျေးတွေက အထိုက်အားလျော်စွာ မဟုတ်ပဲနဲ့ မတရား ကြီးမြင့်နေတဲ့ စျေးတွေရှိတယ်။ ဒါတွေ ချက်ချင်း ပြန်ပြုတ်ကျသွားမယ် တိုင်းပြည်လူထုရဲ့ ကျန်းမာရေးနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတဲ့ ဟာတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါတွေကို အရင်ဆုံး ဖြေရှင်းသင့်တယ်လို့တော့ ကျနော် ယူဆတယ်” ဟု ပြောသည်။

ပြည်သူလူထုသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်များကို သေချာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ ပြည်သူအကျိုး၊ နိုင်ငံအကျိုးကို တကယ်လုပ်ဆောင်မည့် ကိုယ်စား လှယ်လောင်းနှင့် နိုင်ငံရေးပါတီများအား ရွေးချယ်ရန်လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက အကြံပြုကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း (၃)ကိုလည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်သည်။

ထို့နောက် အစိုးရသစ်နှင့် လွှတ်တော် ပေါ်ပေါက်လာမည်ဖြစ်သည်။