CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၈

အမေရိကန်က ဗင်နီဇွဲလားနိုင်ငံကို ခြိမ်းခြောက်မှုများ ဆက်လက် ထုတ်ပြန်နေချိန်တွင် ကာရစ်ဘီယံပင်လယ်ပြင် အတွင်းသို့ အမေရိကန်၏ နောက်ဆုံးပေါ် တိုက်ခိုက်ရေး စစ်သင်္ဘောများ ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန် ရေတပ်က နိုဝင်ဘာ ၁၆ ရက်တွင်  အတည်ပြုခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

USS Gerald R. Ford လေယာဉ်တင် သင်္ဘောနှင့် ၎င်း၏ တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုသည် Operation Southern Spear စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာရစ်ဘီယံပင်လယ်တွင် ယခင်ကတည်းက ရောက်ရှိနေသည့် အမေရိကန်စစ်သင်္ဘောများနှင့် ပူးပေါင်းခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုတွင် တိုက်လေယာဉ်များ၊ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ၂ စင်းနှင့် အခြား ထောက်ပံ့ရေး သင်္ဘောများ အပါအဝင် လေယာဉ်တစ်စင်းလည်း ပါဝင်ခဲ့သည်။

လက်ရှိတွင် အမေရိကန်သည် Operation Southern Spear စစ်ဆင်ရေးအတွက် ကာရစ်ဘီယံတွင် ဒါဇင်နှင့်ချီ သည့် ရေတပ် စစ်သင်္ဘောများ၊ သင်္ဘောသားများနှင့် မရိန်းတပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့်ကို ဖြန့်ကြက်ချထားသည်။

အမေရိကန်စစ်သင်္ဘောအုပ်စုကို တွေ့ရစဉ်

အမေရိကန်၏ တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ၏ အကြီးအကဲဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး အယ်လ်ဗင် ဟိုလ်ဆေး (Alvin Holsey) က အမေရိကန်တပ်ဖွဲ့များသည် မိမိတို့ဒေသ တည်ငြိမ်ရေးကို ဖျက်ဆီးရန် ကြိုးပမ်းနေ သည့် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများကို တိုက်ခိုက်ချေမှုန်းရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် လက်တင်အမေရိကန်နိုင်ငံများ၊ အထူးသဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ ကမ်းလွန်ရေပြင်များတွင် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး မူးယစ်-အကြမ်းဖက်မှုကို စစ်ပွဲဆင်နွဲနေကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ မူးယစ်-အကြမ်းဖက်မှုအပေါ် စစ်ပွဲဆင်နွှဲကြောင်း ကြေညာချက် ထုတ်ပြန်ထားသဖြင့် အမေရိကန်စစ်တပ် သည် တိုက်ခိုက်မှုများအတွက် အင်အားကို အသုံးပြုခွင့်ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်သည် ကာရစ်ဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာတွင် မူးယစ် ဆေးဝါးများ တင်ဆောက်လာသည်ဟု ယူဆရသည့် အသေးစား သင်္ဘောများကို တိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့သဖြင့် လူ ၈၀ သေဆုံးခဲ့သည်။

သေဆုံးသူများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သော်လည်း ခိုင်လုံသည့် သက်သေ အထောက်အထားများကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

Source: DW