CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၅
ယခုသီတင်းပတ်အတွင်း အမေရိကန် စစ်တပ်သည် ကာရစ်ဘီယံဒေသတွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာ သည်ဟု စွပ်စွဲခဲ့သည့် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ဗင်နီဇွဲလား၏ Tren de Aragua အမည်ရှိ ဒုစရိုက်ဂိုဏ်း၏ ခြိမ်းခြောက်မှုများ တိုက်ဖျက်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအမံများထဲမှ တစ်ခုဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။
အိမ်ဖြူတော်ကမူ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ် အနည်းငယ်သာ ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူ ၁၁ ဦးစလုံးသည် Tren de Aragua ဒုစရိုက်ဂိုဏ်း ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် Tren de Aragua ဒုစရိုက်ဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို လေ့လာကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
Tren de Aragua ဂိုဏ်း၏ ဒေသတွင်း ပျံ့နှံ့နေသည့် ဒုစရိုက်လုပ်ငန်းများ
****************************************************************
Tren de Aragua ဂိုဏ်းသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဗင်နီဇွဲလား၏ အလယ်ပိုင်းရှိ ဒုစရိုက်သမားများ ပြည့်နှက်နေသည့် အာရာဂွာ (Aragua) ပြည်နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျဉ်းထောင် တစ်ခုတွင် စတင် အခြေတည် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်း ဗင်နီဇွဲလားတွင် စီးပွားရေး အကျပ်အတည်းကြောင့် ဗင်နီဇွဲလားနိုင်ငံသား ၇ ဒသမ ၇ သန်းကျော် နိုင်ငံအတွင်းမှ ထွက်ပြေးပြီး အခြားလက်တင် အမေရိကနိုင်ငံများနှင့် အမေရိကန်သို့ ရွှေ့ပြောင်း ဝင်ရောက်ခဲ့မှုနှင့်အတူ ထိုဂိုဏ်း၏ ဒုစရိုက်လုပ်ငန်းများသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။
ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ကမူ အမေရိကန်၏ မြို့အချို့တွင် အကြမ်းဖက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး မှုများ၏ အဓိက အကြောင်းရင်းမှာ Tren de Aragua ဂိုဏ်းကြောင့်ဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားသည်။
ထိုဒုစရိုက်ဂိုဏ်း၏ အင်အားကို အတိအကျ မသိရသေးသော်လည်း ပီရူး၊ ကိုလံဘီယာ အပါအဝင် အခြားနိုင်ငံ များကမူ ဒေသတွင်း အကြမ်းဖက်မှုများသည် Tren de Aragua ဂိုဏ်းကြောင့် ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
Tren de Aragua ဂိုဏ်းက တစ်ယောက်ကို ဖမ်းဆီးထားစဉ်
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံရခြင်း
**************************************
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတတာဝန်ကို စတင်ထမ်းဆောင်သည့် ပထမဆုံးနေ့မှာပင် Tren de Aragua ဂိုဏ်းကို မက္ကဆီကို၏ မူးယစ်ဆေးဝါး ဂိုဏ်းများနှင့်အတူ ပြည်ပ အကြမ်းဖက်အဖွဲ့များ စာရင်းတွင် ထည့်သွင်းခဲ့သည်။
ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်ကလည်း ထိုဂိုဏ်းကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးရမိပါက ဒေါ်လာ ၁၂ သန်းပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။
ထရမ့်၏ သမ္မတ အုပ်ချုပ်ရေး အမိန့်တွင်လည်း ထိုဒုစရိုက်ဂိုဏ်းသည် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) ၏ ထိပ်သီး အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် အာရာဂွာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း တာရက်ခ် အယ် အိုင်ဆာမီ (Tareck El Aissami) နှင့် အနီးကပ် ဆောင်ရွက်နေကြောင်း စွပ်စွဲခဲ့သည်။
စစ်ရေးတိုက်ခိုက်မှုသည် တရားမျှတမှုရှိသည်ဟု ကြေညာခံရခြင်း
***********************************************************
စက်တင်ဘာ ၂ ရက်က ကာရစ်ဘီယံ ကမ်းလွန် ရေပြင်များတွင် အမေရိကန် စစ်သင်္ဘောများ၏ တိုက်ခိုက်မှု ကြောင့် ပေါက်ကွဲသွားခဲ့သည့် စပိဘုတ်ပေါ်မှ သေဆုံးသူ ၁၁ ဦး၏ အမည်များနှင့် နိုင်ငံသားများကိုမူ အမေရိကန် က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထို့ပြင် ထိုစပိဘုတ်ပေါ်တွင် မူးယစ်ဆေးဝါး ပမာဏ မည်မျှ တင်ဆောင်လာသည် ဆိုခြင်းကိုလည်း ကြေညာခဲ့ခြင်း မရှိပေ။
သို့သော်လည်း ထိုတိုက်ခိုက်မှုသည် တရားမျှတမှုရှိကြောင်းနှင့် အမေရိကန်စစ်တပ်သည် မူးယစ်ဆေးဝါး မှောင်ခို ကူးသည်ဟု သံသယရှိသည့် သင်္ဘောများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ကြေညာခဲ့သည်။
“သမ္မတထရမ့် လုပ်တာ မှန်တယ်။ အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေကြောင့် အမေရိကန် အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တဲ့ အရာတွေကို ချေမှုန်းရတာ ဖြစ်ပါတယ်”ဟု ရူဘီယိုက ပြောကြားခဲ့သည်။
Source: အေပီ