CNI International News
မော်စကို၊ နိုဝင်ဘာ ၆
ကာရစ်ဘီယံဒေသတွင် တင်းမာမှုများ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး ဗင်နီဇွဲလားနိုင်ငံနှင့် အမြဲမပြတ် အဆက် အသွယ် ရှိနေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov)က ပြောကြား ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားအနေဖြင့် ဗင်နီဇွဲလားကို ကူညီပေးမည် ဟုတ်၊ မဟုတ် သတင်းထောက်များက မေးမြန်းချိန်တွင် ပက်စ်ကော့ဗ်က “ကျနော်တို့ဟာ ဗင်နီဇွဲလားနှင့် အဆက်အသွယ် ပုံမှန်ရှိနေပါတယ်” ဟု ဖြေကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တာ့စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သို့သော် ဗင်နီဇွဲလားနှင့် မည်သည့် ပုံစံများဖြင့် အဆက်အသွယ် ရှိနေသည်ဆိုခြင်းကိုမူ ပက်စ်ကော့ဗ်က အသေး စိတ် ပြောကြားခဲ့ခြင်း မရှိပေ။
ကာရစ်ဘီယံဒေသတွင် စစ်အင်အားများ ဖြန့်ကြက်ချထားသည့် အမေရိကန်နှင့် ဗင်နီဇွဲလားကြား အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်စေလိုကြောင်း၊ ဒေသတွင်း ပဋိပက္ခအသစ်များ ထပ်မဖြစ်စေလိုကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကို တွေ့ရစဉ်
ထို့ပြင် ကာရစ်ဘီယံပင်လယ်တွင် အမေရိကန်၏ စစ်အင်အား အလွန်အကျူး အသုံးပြုမှုကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချခဲ့ပြီး ဗင်နီဇွဲလား အာဏာပိုင်များကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။
အမေရိကန်သည် ကာရစ်ဘီယံဒေသနှင့် ပစိဖိတ်အရှေ့ပိုင်း ဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် သင်္ဘောများကို နှိမ်နင်းနေကြောင်း ကြေညာခဲ့ပြီး သင်္ဘော ၁၄ စင်းကို တိုက်ခိုက်ခဲ့ကာ လူ ၆၁ ဦး သေဆုံးခဲ့သည်။
အမေရိကန်သည် မကြာသေးမီ လများကတည်းက ကာရစ်ဘီယံတွင် စစ်အင်အားကို တိုးမြှင့်ပြီး ဖြန့်ကြက်ချထား ခဲ့သည်။
ယခုနှစ် မေလအတွင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) တို့သည် မော်စကိုတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သည်။
Source: ရိုက်တာ
