CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၆
ဂါဇာကမ်းမြောင်ဒေသတွင် နိုင်ငံတကာ တည်ငြိမ်မှု ထိန်းသိမ်းရေးတပ်ဖွဲ့ကို ၂ နှစ်ကြာ ဖြန့်ကြက်ချထားရန် အတွက် တရားဝင်လုပ်ပိုင်ခွင့် ထောက်ပံ့ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် ကြေညာချက် ထုတ်ပြန် ရေး အမေရိကန်က အဆိုပြုထားသည့် မူကြမ်းတစ်စောင်အား တင်သွင်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်သည် အစ္စရေးနှင့် ဟားမာ့စ်ကြား ၂ နှစ်ကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကို အဆုံးသတ်လိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အစီအစဉ်အတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန် အဆိုပြုချက်ကို ကုလလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၅ နိုင်ငံနှင့် အခြားနိုင်ငံတကာ မိတ်ဖက်များ ကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရဖွယ်ရှိသည်။
ဂါဇာစစ်ပွဲ၏ အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေကြောင့် ထိုအဆိုပြုလွှာကို နိုင်ငံအသီးသီး၏ ဆွေးနွေး မှုများအပေါ် အခြေခံပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိများက ပြောသည်။

ဂါဇာဒေသကိုတွေ့ရစဉ်
ဂါဇာတွင် တည်ငြိမ်မှု ထိန်းသိမ်းရေး တပ်ဖွဲ့အတွင်း ပါဝင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည့် အာရပ်နိုင်ငံ များနှင့် အခြားနိုင်ငံများကမူ စစ်သားများ စေလွှတ်ရန်အတွက် ကုလသမဂ္ဂ၏ ထောက်ခံမှုသည် အရေးကြီး ကြောင်း ပြောကြားခဲ့သည်။
“ဂါဇာမှာ ဖြန့်ကြက်ချထားမယ့် ဘယ်အဖွဲ့အစည်း မဆိုဟာ လုံခြုံရေးကောင်စီရဲ့ တရားဝင်မှုရှိတဲ့ လုပ်ပိုင်ခွင့် အာဏာမျိုး ရှိသင့်ပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ကာတာနိုင်ငံ ဒိုဟာ (Doha) မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်၏ အဆိုပြုလွှာကို နိုဝင်ဘာ ၄ ရက်က တင်ခဲ့ခြင်းဖြစ်ပြီး ဂါဇာတွင် နိုင်ငံတကာ၏ လုပ်ပိုင်ခွင့်ဖြင့် တည်ငြိမ်မှု ထိန်းသိမ်းရေးတပ်ဖွဲ့ ဖြန့်ကြက်ချထားရန် အများသဘောဆန္ဒကို ရယူမည်ဖြစ်သည်။
လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ဗီတိုအာဏာများ ကိုင်စွဲထားသည့် တရုတ်နှင့် ရုရှားသည် အမေရိကန်၏ အဆိုပြုချက်ကို ထောက်ခံမည် ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရသေးပေ။
အမေရိကန်၏ အဆိုပြုချက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေး အသွင်ဆောင်မှုကို ဖျက်သိမ်းရေးနှင့် တရားဝင် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်များအား အပြီးသတ် ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
Source: အေပီ
