CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၆

မြောက်ကိုရီးယားသည် ရုရှား၏ အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးကို ကူညီပေးရန်အတွက်  ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ရုရှားသို့ ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ ခန့် စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ယူကရိန်း-ရုရှား စစ်ပွဲအတွင်း ရုရှားဘက်မှ စစ်ကူပေးရန်အတွက် သောင်းနှင့်ချီသည့် မြောက်ကိုရီးယား စစ်သားများကို စေလွှတ်ပေးခဲ့ပြီးနောက် ရုရှားထံမှ လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ရုရှားနိုင်ငံအတွင်းသို့ မြောက်ကိုရီးယား ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအတွက် ဖြန့်ကြက်ချခဲ့ဖွယ် ရှိကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် လီဆောင်ကွမ် (Lee Seong-kweun) က ပြောကြားခဲ့သည်။

ထို့ပြင် နောက်ထပ် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး စစ်သားများကို စစ်သင်တန်းပေးမှုများနှင့် စစ်မှုထမ်းရွေးချယ်မှုများ ပြုလုပ်နေသည့် လက္ခဏာများကိုလည်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု လီက ပြောသည်။

ရုရှားသမ္မတ ပူတင်နဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

လက်ရှိတွင် ရုရှား-ယူကရိန်း နယ်စပ်အနီး၌ မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ခန့် ဖြန့်ကြက်ချထားကြောင်း လည်း ထောက်လှမ်းရေးအေဂျင်စီက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၆၀၀ ခန့် သေဆုံးခဲ့ပြီး စစ်သားပေါင်း ထောင်ချီ ဒဏ်ရာရခဲ့ ကြောင်း တောင်ကိုရီးယားက ခန့်မှန်းထားသည်။

ထိုကဲ့သို့ စစ်ကူပေးမှုအတွက် အပြန်အလှန်အနေဖြင့် မြောက်ကိုရိးယားသည် ရုရှားထံမှ ငွေကြေး အထောက်အပံ့၊ စစ်ရေးနည်းပညာ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်များကို လက်ခံရရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ထိုအကူအညီများကြောင့် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်းများနှင့်ပတ်သက်ပြီး ချမှတ်ခံထားရသည့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို တောင့်ခံနိုင်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

နိုင်ငံတကာ ပိတ်ဆို့မှုများ စောင့်ကြည့်ရေးအဖွဲ့ကမူ မြောက်ကိုရီးယားသည် ရုရှားသို့ နည်းပညာလုပ်သားများ အပါအဝင် လုပ်သား ၄၀,၀၀၀ စေလွှတ်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။

Source: CNA