CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၅

၂၀၂၆ ခုနှစ် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အစည်းအဝေး ဖြစ်မြောက်နိုင်ခြေ မြင့်မားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအစည်းအဝေးသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့် မှု အပြီးတွင် ဖြစ်မြောက်လာလိမ့်မည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ(NIS)က ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

“ကင်မ်ဂျုံအန် (မြောက်ကိုရီးယားခေါင်းဆောင်) က အမေရိကန်နဲ့ ဆွေးနွေးချင်နေတယ်လို့ NIS က ယူဆထားပြီး အစည်းအဝေးအတွက် ကြိုတင်သတ်မှတ်ချက်တွေသာ အဆင်ပြေရင် အမေရိကန်နဲ့ အဆက်အသွယ် ပြုလုပ်ပါ လိမ့်မယ်”ဟု တောင်ကိုရီးယားလွှတ်တော်အမတ် လီဆောင်ကွမ် (Lee Seong-kweun) က သတင်းထောက်များ ကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကလည်း အမေရိကန်အနေဖြင့် နျူကလီးယား ဖျက်သိမ်းရေးကိစ္စကို မတောင်းဆိုပါက ဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒရှိကြောင်း ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အစည်းအဝေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည့် အချိန်တွင် ကင်မ်က လူသိရှင်ကြား တုန့်ပြန်ခဲ့ ခြင်း မရှိပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ထရမ့်သည် တောင်ကိုရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် “ကျနော်တို့ ပြန်လာဦးမှာပါ။ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ သိပ်မကြာတော့ပါဘူး”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုအစည်းအဝေး ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး ရိုက်တာ သတင်းဌာန၏ မှတ်ချက် တောင်းခံမှုကို အိမ်ဖြူတော်က ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။

ထရမ့်နှင့်ကင်မ်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် တွင် အစည်းအဝေးများ ပြုလုပ်ခဲ့ဖူးသည်။

ကင်မ်သည် သွေးတိုးရောဂါမှလွဲပြီး အခြား ကြီးမားသည့် ကျန်းမာရေး ပြဿနာ ခံစားနေရပုံ မပေါ်ကြောင်း အခြား တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် နေရာကို ဆက်ခံမည့်သူအဖြစ် ရေပန်းစားနေသည့် ကင်မ်၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) သည်လည်း လွန်ခဲ့သည့် ရက်ပေါင်း ၆၀ အတွင်း လူမြင်ကွင်းသို့ ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်က ပြောကြားခဲ့သည်။

Source: ရိုက်တာ