CNI International News
ဒါကာ၊ ဇန်နဝါရီ ၂၈
ရုရှားနိုင်ငံတွင် အလုပ်ရှာနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် လိမ်ညာခေါ်ယူခံရပြီး ယူကရိန်းစစ်ပွဲ၌ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးရန် ရှေ့တန်းသို့ ပို့ဆောင်ခံနေရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးဖြစ်သည့် မက်ဆူဒါ ရာမန် (Maksudur Rahman) က သူသည် ရုရှားတွင် သန့်ရှင်းရေး အလုပ်သမားအဖြစ် လုပ်ကိုင်ရန် အလုပ်အကိုင် ရှာဖွေပေးသူတစ်ဦး၏ စည်းရုံးသိမ်းသွင်းခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
သို့သော် သူသည် ဘင်္ဂလားဒေ့ရှ်မှ ရုရှားသို့ ရောက်ရှိပြီး သီတင်းပတ် အနည်းငယ် အတွင်းမှာပင် ယူကရိန်းရှိ ရုရှားစစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေသည်ကို သိရှိခဲ့ရသည်။
အေပီသတင်းဌာန၏ စုံစမ်းမေးမြန်းမှုများအရ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် ရုရှားတွင် သာမန် အရပ်ဖက် အလုပ်များ လုပ်ကိုင်ရမည်ဆိုသည့် မှန်ကန်မှုမရှိသော ကတိကဝတ်များဖြင့် လိမ်ညာခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

ရုရှားစစ်တပ်ကနေ ထွက်ပြေးလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာမန်ကို တွေ့ရစဉ်
ထို့နောက် ရုရှားသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် ရှေ့တန်းသို့ ပို့ဆောင်ခံရပြီး အများစု သည် ရိုက်နှက်ခံရခြင်း၊ အကျဉ်းချခံရခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းတို့ကို ခံခဲ့ရကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အေပီသတင်းဌာနသည် ရုရှားစစ်တပ်ထဲမှ ထွက်ပြေး လွတ်မြောက်လာခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသား ၃ ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ထို ၃ ဦးထဲတွင် ရာမန်လည်း ပါဝင်ခဲ့သည်။
ရာမန်က သူသည် မော်စကိုသို့ ရောက်ရှိခဲ့ပြီးနောက် သူနှင့်အတူ ပါလာသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမား တစ်စု သည် ရုရှားဘာသာနှင့်ရေးထားသော စာရွက်စာတမ်းများတွင် လက်မှတ်ထိုးခဲ့ရကြောင်း၊ ထိုစာရွက်စာတမ်း များသည် စစ်မှုထမ်း စာချုပ်များ ဖြစ်နေခြင်းကို နောက်ပိုင်းမှသာ သိရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့အား စစ်စခန်းတစ်ခုဆီ ခေါ်ဆောင်သွားပြီး ဒရုန်းစစ်ဆင်ရေး နည်းပညာများ၊ စစ်မြေပြင် လူနာတင်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် လက်နက်ကြီး အသုံးပြုပုံ အပါအဝင် အခြေခံ စစ်ပညာများ သင်ကြား ပေးခဲ့သည်ဟု ဆိုသည်။

ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်သားတွေရဲ့ကိုယ်ပိုင်နံပတ်ပြားကို တွေ့ရစဉ်
ရာမန်က စစ်ပညာများ မသင်ချင်ကြောင်း ငြင်းဆိုချိန်တွင် ရုရှားတပ်မှူးတစ်ဦးက ဘာသာပြန် အက်ပလီကေး ရှင်းမှတဆင့် “မင်းရဲ့ ပွဲစားက မင်းကို ဒီကိုပို့လိုက်တာ။ ငါတို့က မင်းကို ဝယ်ထားတာ”ဟု ပြန်ပြောခဲ့သည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသား ၃ ဦးသည် ရုရှားတပ်ဖွဲ့များ၏ ရှေ့မှ ကြိုတင်သွားရခြင်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ပေးရခြင်း၊ ဒဏ်ရာရ စစ်သားများကို ရွှေ့ပြောင်းပေးရခြင်း၊ သေဆုံးသူများကို ပြန်လည် သယ်ယူရခြင်းတို့ အပါအဝင် ရှေ့တန်းတာဝန်များကို ၎င်းတို့၏ သဘောဆန္ဒ မပါဘဲ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရ သည့် ထိတ်လန့်ဖွယ်ရာ အတွေ့အကြုံများကို အေပီသတင်းဌာနကို ပြန်လည်ပြောပြခဲ့ကြသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အေပီသတင်းဌာန၏ မေးမြန်းမှုများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
Source: အေပီ
