CNI International News

မော်စကို၊ ဩဂုတ် ၁၄

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်နှင့် ယူကရိန်းကို တိုက်ခိုက်နေသည့် စစ်ပွဲအား အရှိန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ အလက်စကာ (Alaska) ပြည်နယ်တွင် အစည်းအဝေး မပြုလုပ်မီ ကင်မ်နှင့်ပူတင်တို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု နှစ်နိုင်ငံ မီဒီယာများက ဩဂုတ် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

ဩဂုတ် ၁၂ ရက်က ဖုန်းဆက်သွယ်မှုအတွင်း ပူတင်က ရုရှား၏ ကာ့စ် (Kursk) နယ်စပ်ဒေသကို ဝင်ရောက် တိုက်ခိုက်နေသည့် ယူကရိန်းတပ်ဖွဲ့များအား တွန်းလှန်နေသော ရုရှားတပ်ဖွဲ့များဘက်မှ ကူညီတိုက်ခိုက်နေသည့် မြောက်ကိုရီးယား စစ်သားများ၏ စစ်ကူပေးမှုသည် ရဲရင့်ပြီး သူရဲကောင်းဆန်ကာ ကိုယ်ကျိုးစွန့်သည့် စိတ်ဓာတ် ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

ထို့ပြင် ပူတင်က ဩဂုတ် ၁၅ ရက်တွင် အလက်စကာ၌ ထရမ့်နှင့် အစည်းအဝေး ပြုလုပ်မည့် အစီအစဉ်ကိုလည်း ကင်မ်အား ပြောကြားခဲ့သည်ဟု တာ့စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမူ ပူတင်နှင့် ထရမ့်တို့၏ အစည်းအဝေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားသည် အနာဂတ်တွင်လည်း ပူတင်၏ အစီအစဉ်များ အားလုံးကို အပြည့်အဝ ထောက်ခံမည် ဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

ထို့ပြင် နှစ်နိုင်ငံကြား ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အရ ကဏ္ဍပေါင်းစုံတွင် ဆက်ဆံရေးများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်ဟု KCNA က ဖော်ပြခဲ့သည်။

ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကင်မ်သည် ရုရှားနှင့် ဆက်ဆံရေးကို ဦးစားပေးသည့် နိုင်ငံခြားရေးမူဝါဒအား ကျင့်သုံးခဲ့ကာ အမေရိကန်နှင့် ထိပ်တိုက် တွေ့ရန်အတွက် အခြားနိုင်ငံများနှင့် ဆက်ဆံရေး ကို ပိုမိုမြှင့်တင်ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်း၏ နျူကလီးယား စီမံကိန်းကို ဖျက်သိမ်းရန် ရည်ရွယ်ထားသည့် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးညှိနှိုင်းရေး အဆိုပြုချက်များကို ငြင်းပယ်ခဲ့သည်။

တောင်ကိုရီးယား၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ် ဆောင်းဦးရာသီ ကတည်းက ရုရှား သို့ မြောက်ကိုရီးယားစစ်သား ၁၅,၀၀၀ ခန့် စေလွှတ်ခဲ့ကာ အမြောက်များနှင့် ဒုံးကျည်များ အပါအဝင် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကင်မ်သည် ရုရှား၏ ကာ့စ်ဒေသသို့ စစ်အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေး လုပ်သားများ စေလွှတ်ရန် သဘောတူခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းများတွင် ဖော်ပြခဲ့သည်။

Source: အေပီ