CNI International News
နယူးဒေလီ ၊ ဩဂုတ် ၂၁
ရုရှားသည် အိန္ဒိယကို ရေနံများ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပြီး ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ယခုနှစ်ကုန်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်၌ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) နှင့်တွေ့ဆုံးသွားမည်ဟု အိန္ဒိယနိုင်ငံရှိ ရုရှားသံရုံး၏ အရာရှိတစ်ဦးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် အိန္ဒိယကို ရေနံများ ဆက်လက်ထောက်ပံ့ရန် အထူးလုပ်ငန်းစဉ် တစ်ခုရှိကြောင်း အိန္ဒိယရှိ ရုရှားသံရုံး ၏ ယာယီတာဝန်ခံသံမှူး ရိုမန် ဘာဘုရှ်ကင် (Roman Babushkin) က သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယကို လက်ရှိပမာဏအတိုင်း ရေနံစိမ်းများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ပူတင်နှင် မိုဒီတို့၏ အစည်းအဝေးအတွက် နေ့ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောသည်။
အိန္ဒိယရှိ ရုရှားသံရုံး ၏ ယာယီတာဝန်ခံသံမှူး ရိုမန် ဘာဘုရှ်ကင်ကို တွေ့ရစဉ်
အိန္ဒိသည် ရုရှားထံမှ ရေနံများ ဆက်လက် ဝယ်ယူနေသဖြင့် အမေရိကန်က အိန္ဒိယ၏ ပို့ကုန်များအပေါ် ဩဂုတ် ၂၈ ရက်မှစပြီး ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်မံကောက်ခံရန် စီစဉ်ထားသည်။
မည်သို့ပင်ဆိုစေ ရုရှား၏ ရေနံများကို ဆက်လက် ဝယ်ယူနေသည့် တရုတ်အပေါ် အမေရိကန်က အိန္ဒိယကဲ့သို့ အလားတူ ကုန်သွယ်ခွန်များ တိုးမြှင့်ခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့်လက ဥရောပသမဂ္ဂသည် ရုရှားက ထောက်ပံ့ထားသည့် အိန္ဒိယ၏ ရေနံချက်စက်ရုံ လုပ်ငန်းကို လုပ်ကိုင် နေသည့် Nayara Energy ကုမ္ပဏီအပေါ် ပိတ်ဆို့မှု ပြုလုပ်ခဲ့သဖြင့် ထိုကုမ္ပဏီသည် ရေနံထုတ်လုပ်မှုများ လျော့ ကျခဲ့သည်။
ထိုကုမ္ပဏီနှင့် ကုန်သွယ်နေသည့် အခြားကုမ္ပဏီများကလည်း စီးပွားရေး ဆက်ဆံမှုများကို လျှော့ချခဲ့သည်။
အိန္ဒိယနှင့် တရုတ်ကြား နှစ်စဉ်ကုန်သွယ်မှု တန်ဖိုးသည် ၁၀ ရာခိုင်နှုန်း မြင့်တက်လာဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံ ဆိုင်ရာ ရုရှားကုန်သွယ်ရေး လက်ထောက်ကိုယ်စားလှယ် အိဗ်ဂျီနီ ဂရီဗာ (Evgeniy Griva) က ပြောကြားခဲ့သည်။
Source: ရိုက်တာ