CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၁

ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းများ အသုံးပြုပြီး အော့တဝါ သဘောတူစာချုပ် (Ottawa Treaty) ကို ချိုးဖောက် နေသည့် ဓာတ်ပုံများနှင့် ဗွီဒီယို သက်သေများအား ဂျီနီဗာGeneva)ရှိ ထိုစာချုပ်ကိုကြီးကြပ်သည့်အဖွဲ့ထံ ပေးပို့ သွားမည်ဟု ထိုင်း၏ဒုတိယကာကွယ်ရေးဝန်ကြီး နက်တာပွန် နက်ပန်နစ်ချ် (Nattapon Nakpanich) က ဩဂုတ် ၂၀ ရက်တွင် ကြေညာခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ယာယီကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် နက်တာပွန်က ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်း တားမြစ်ထားသော သဘောတူညီချက် (APMB) သို့မဟုတ် အော့တဝါ စာချုပ်ကို ချိုးဖောက်ခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အသိပေးမှုအား ရရှိခဲ့သည်ဟု ဆိုသည်။

ထိုသက်သေ အထောက်အထားများကို ဩဂုတ် ၁၉ ရက်က ဆီဆာကတ် (Si Sa Ket) ပြည်နယ်၊ ဖူမာကွာ (Phu Ma Kua) ဒေသရှိ တော်ဝင်ထိုင်းရေတပ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးတပ်ဖွဲ့၏ အမှတ် ၁ မိုင်းရှင်းအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသက်သေများတွင် ဗွီဒီယိုမှတ်တမ်းများ၊ ဓာတ်ပုံများ ခမာဘာသာစကားဖြင့် ပြောကြားထားသည့် အသံဖိုင်များ ပါဝင်ကြောင်း၊ ထိုအသံဖိုင်များသည် မြေမြှုပ်မိုင်းများကို ထိုင်းနယ်စပ် တစ်လျှောက်တွင် မြှုပ်ထားရန် ညွှန်ကြား ထားသည်ဟု ယူဆရသည်။

ကမ္ဘောဒီးယား မြေမြှုပ်မိုင်း သုံးနေစဉ်

APMB ၏ နှစ်စဉ် ပြုလုပ်သည့် အစည်းအဝေး ဖြစ်သည့် Meeting of States Parties (MISP) အစည်းအဝေးကို နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ထိုင်းအစိုးရသည် ထိုအစည်းအဝေး ပြုလုပ်မည့် အချိန်အထိ စောင့်ဆိုင်းနေမည် မဟုတ်ကြောင်း နက်တာပွန်က ပြောကြားခဲ့သည်။

ထိုသက်သေများကို ဂျီနီဗာဆိုင်ရာ ထိုင်းသံအမတ်က ဂျီနီဗာရှိ APMB ရုံးသို့ ချက်ချင်း ပေးပို့သွားမည်ဟု ဆိုသည်။

ထိုင်းသည် အပစ်အခတ်ရပ်စဲရေးကို စောင့်ထိန်းရန် သန္နိဋ္ဌာန် ချထားသော်လည်း ကမ္ဘောဒီးယား စစ်သားများသည် ထိုင်းနယ်နိမိတ်အတွင်း မြေမြှုပ်မိုင်းများ ထောင်ထားခြင်းဖြင့် လျှို့ဝှက်သည့် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေကြောင်း နက်တာပွန်က ပြောသည်။

ကမ္ဘောဒီးယားအစိုးရသည် အပစ်အခတ်ရပ်စဲရေးကို လေးစား လိုက်နာလိမ့်မည်ဟု ထိုင်းအစိုးရက ယူဆထား သော်လည်း ကမ္ဘောဒီးယား စစ်သားများသည် အမိန့်နာခံမှု အားနည်းနေကြောင်း နက်တာပွန်က ပြောသည်။

“ကမ္ဘောဒီးယားအစိုးရက အပစ်အခတ်ရပ်စဲရေးကို မစောင့်ထိန်းဘူးလို့ ကျနော်တို့ သက်သေ ပြနိုင်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း သင့်တော်သလို အရေးယူ ဆောင်ရွက်သွားဖို့ စဉ်းစားသွားမှာပါ” ဟု နက်တာပွန်က ပြောကြားခဲ့သည်။

Source: The Nation