CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၇

ထိုင်းတော်ဝင်ကြည်းတပ် (RTA) သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် လက်နက်ကြီးများ ရုပ်သိမ်း နေသည့် ရက်များအတွင်း မြေမြှုပ်မိုင်း ၂ လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘောဒီးယား စစ်သားများနှင့် ယာယီရင်ဆိုင် တွေ့မှုဖြစ်ပွားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် ကင်းလှည့်မှုများ ပြုလုပ်နေချိန်အတွင်း ထိုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RTA က ထုတ်ပြန်ခဲ့သည်။

ထိုင်း၏ နယ်စပ်ဒေသ တစ်လျှောက်တွင် အမှတ် ၁ နှင့် အမှတ် ၂ စစ်ဒေသမှ တပ်ဖွဲ့ဝင်များသည် တည်မြဲနေရာ များ၌ ဆက်လက် တပ်စွဲထားကြောင်း RTA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီ (Winthai Suvaree) က ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို တွေ့ရစဉ်

ထိုင်းနှင့်ကမ္ဘောဒီးယားကြား ပူးတွဲဆောင်ရွက်ရေး အစီအစဉ်နှင့်အညီ လွန်ခဲ့သည့် ၅ ရက်အတွင်း နယ်စပ်ဒေသရှိ လက်နက်ကြီးများကို ပြန်လည်ရုပ်သိမ်းပြီးစီးခဲ့သည့်တိုင်  စစ်သားများကို ထပ်မံတပ်စွဲထားခြင်း ဖြစ်သည်။

ထိုစစ်သားများသည် နှစ်နိုင်ငံကြား အလွှာစုံ အစည်းအဝေးများ ပြုလုပ်ခဲ့ချိန်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် နှင့်အညီ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ကင်းလှည့်မှုများ ဆက်လက် ပြုလုပ်မည်ဟု ဝင်ထိုင်းက ပြော သည်။

လက်နက်ကြီးများ ပြန်လည်ရုပ်သိမ်းသည့် ပထမအဆင့်ကို အာဆီယံ၏ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ သဘော တူညီချက်နှင့် အတည်ပြုချက်အရ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

 

 

 

 

 

 

 

နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်က ထိုင်းစစ်သားများသည် အူဘွန် ရတ်ချာသာနီ (Ubon Ratchathani) ပြည်နယ် Nam Yuen ခရိုင်၏ နယ်စပ်ဒေသတွင် ကင်းလှည့်နေချိန်အတွင်း PMN-2 မြေမြှုပ်မိုင်း ၂ လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက်က ထိုင်းစစ်သားများသည် Chong Bok Pass နယ်စပ် လမ်းကြောင်းတွင် ကင်းလှည့်သည့် လမ်းကြောင်းကို ဝါးများဖြင့် ပိတ်ဆို့နေသော ကမ္ဘောဒီးယား စစ်သားများနှင့် ယာယီစကားများ ခဲ့ကြောင်း ထိုင်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံစစ်သားများကြား အချေအတင် ပြောဆိုခဲ့ပြီးနောက် ကမ္ဘောဒီးယား စစ်သားများက ၎င်းတို့ ပိတ်ဆို့ ထားသည့် အကာအရံများကို ပြန်လည် ဖယ်ရှားပေးရန် သဘောတူခဲ့သည်ဟု RTA က ထုတ်ပြန်ခဲ့သည်။

Source: The Nation