CNI International News
ဘန်ကောက်၊ ဩဂုတ် ၈
ထိုင်းနှင့်ကမ္ဘောဒီးယား အရာရှိများသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ခိုင်မြဲစေရန်အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် တွေ့ဆုံခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
သို့သော် မြေပြင်တွင်ရှိသည့် သတင်းရင်းမြစ်များကမူ နှစ်နိုင်ငံစလုံး၏ စစ်သားများသည် ပိုင်ဆိုင်မှု အငြင်းပွားနေ သော နယ်စပ်ဒေသတွင် ဆက်လက် တပ်စွဲထားသည်ဟု ဆိုသည်။
မလေးရှားနိုင်ငံသည် ဇူလိုင် ၂၈ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့ပြီး နှစ်နိုင်ငံကြား ၅ ရက်ကကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ အဆုံးသတ်ခဲ့ သည်။
သို့သော် ထိုင်းနှင့် ကမ္ဘောဒီးယားတို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုများ ရှိနေကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှား ဝန်ကြီးချုပ်တို့ အပစ်ရပ်ရေး ဆွေးနွေးသဘောတူကြစဉ်
ထို့နောက် ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ ကွာလာလမ်ပူမြို့တော်တွင် နှစ်နိုင်ငံ အရာရှိများကြား ၄ ရက်ကြာ အစည်းအဝေးများ ပြုလုပ်ခဲ့သည်။
“အချိန်မရွေးထပြီး ပေါက်ကွဲနိုင်ပါတယ်။ အခြေအနေက မတည်ငြိမ်ပါဘူး” ဟု ထိုင်း၏ အူဘွန် ရတ်ချာသာနီ (Ubon Ratchathani) ပြည်နယ်၊ နမ်ယွမ်(Nam Yuen) မဲဆန္ဒနယ်မှ ထိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဝါဆာဝတ် ပွန်ပေါင်စရီ (Wasawat Puangpornsri) က ပြောကြားခဲ့သည်။
ဩဂုတ် ၅ ရက်ကလည်း ဝါဆာဝတ်သည် ထိုင်းနှင့် ကမ္ဘောဒီးယား စစ်သားများ တပ်စွဲထားသည့် နယ်စပ်ဒေသသို့ သွားရောက်ကြည့်ရှုခဲ့သည်။
နှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက် မြင့်တက်နေသဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အူဘွန် ရတ်ချာသာနီ ပြည်နယ်မှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည့် ထိုင်းလူမျိုး ၂၀,၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များထံ ပြန်ရန် စိုးရိမ်နေကြသည်။
Source: အယ်လ်ဂျာဇီးယား