CNI International News

ဘန်ကောက်၊ ဩဂုတ် ၈

ထိုင်းနိုင်ငံရှိ ကျားဖြန့်စင်တာမှ ဝန်ထမ်းတစ်ဦးသည် ဂိုဏ်းကိုသစ္စာဖောက်ပြီး ဝင်ရောက်စီးနင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ဖုန်းဆက် တိုင်ကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ၊ ပတ္တရား(Pattaya) မြို့ရှိ ကျားဖြန့်စင်တာ တစ်ခုတွင် အလုပ်လုပ်နေသည့် တောင်ကိုရီးယား အမျိုးသား တစ်ဦးက သူသည် နှိပ်စက်ခံရကြောင်း ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့ပြီး ၎င်းအလုပ်လုပ်နေသည့် ကျားဖြန့် စင်တာကို လာရောက်စီးနင်းရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က ထိုတောင်ကိုရီးယား နိုင်ငံသား ဖုန်းဆက်သည့် နေရာသို့ သွားရောက် စီးနင်းခဲ့ရာတွင် တရုတ်နိုင်ငံသားများ အပါအဝင် ကျားဖြန့်ဂိုဏ်းဝင်အချို့ကို ဖမ်းဆီးရမိခဲ့သည်။

တောင်ကိုရီးယား အမျိုးသားသည် ဩဂုတ် ၆ ရက် ညပိုင်းက ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၇ ရက်တွင် ရဲတပ်ဖွဲ့က ထိုအမျိုးသား အလုပ်လုပ်ကိုင်နေသည့် ကျားဖြန့်စင်တာကို စီးနင်းခဲ့ခြင်းဖြစ်သည်။

လည်ပင်း ညှစ်ခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားကို တွေ့ရစဉ်

ချောင်ဘူရီ (Chon Buri) ရဲတပ်ဖွဲ့သည် ဩဂုတ် ၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၆ မိနစ်တွင် ဟွမ်ဆပ်အန် (Hyunsub An) အမည်ရှိ ထိုတောင်ကိုရီးယား အမျိုးသား၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ထိုဖုန်းခေါ်ဆိုမှုအတွင်း သူသည် တိုက်ခိုက်ခံခဲ့ရကြောင်းနှင့် ဘေးကင်း လုံခြုံမှုမရှိဟု ခံစားနေရကြောင်း ရဲတပ်ဖွဲ့ ကို ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က အန်၏ နေရာကို တစ်ညလုံး ရှာဖွေခဲ့ပြီးနောက် ပတ္တရားမြို့ရှိ နာဂျွမ်သီယန် (Na Jomthien) မြို့နယ်ရှိ နေအိမ်တစ်လုံးကို ဩဂုတ် ၇ ရက် နံနက်အစောပိုင်းက ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်သည်။

အန်သည် မျက်နှာ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အညိုအမဲ ဒဏ်ရာများရနေပြီး ၎င်း၏ လည်ပင်းတွင်လည်း အညှစ်ခံထားရသည့် လက္ခဏာများကို မြင်တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြေကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ရဲတပ်ဖွဲ့က အန်ကို တောင်ကိုရီးယား ကျားဖြန့်ဂိုဏ်းတွင် ပါဝင်သည့် သံသယတရားခံ စာရင်း တွင် ထည့်သွင်းခဲ့သည်။

တောင်ကိုရီးယားကျားဖြန့်ဂိုဏ်းကို ထိုင်းရဲဝင်ဖမ်း

ဇွန်လ ၂၁ ရက်ကလည်း ရဲတပ်ဖွဲ့သည် တောင်ကိုရီးယား အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး အခြား တောင်ကိုရီးယား ကျားဖြန့်ဂိုဏ်းဝင် ၂၂ ဦးကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ဆေးမေးမြန်း မှုများအတွင်း အန်က ၎င်းသည် ၎င်းလုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရ သဖြင့် ဂိုဏ်းကို သစ္စာဖောက်ပြီး ရဲကိုတိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ထို့ပြင် အန်သည် ဘန်လမန် (Bang Lamung) ခရိုင်ရှိ နေအိမ် ၂ လုံးကို ဝင်ရောက် စီးနင်းရေးအတွက် ချောင်ဘူရီ လူဝင်မှုရေးရာရဲတပ်ဖွဲ့ကို လမ်းပြရန် သဘောတူခဲ့သည်။

ထိုစီးနင်းမှုများအတွင်း ရဲတပ်ဖွဲ့သည် တရုတ်အမျိုးသားတစ်ဦး၊ တောင်ကိုရီးယား အမျိုးသမီးတစ်ဦးနှင့် တောင်ကိုရီးယားအမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးထားသည့် သံသယရှိသူများကို ကျားဖြန့်ဂိုဏ်း ထူထောင်မှုဖြင့် စွဲချက်တင်ပြီး တရားရေးအရ အရေးယူရန် ချောင်ဘူရီ လူဝင်မှုရေးရာရုံးသို့ ပို့ဆောင်ခဲ့သည်။

Source: The Nation