CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးထားသော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/ရုံးက အမိန့်၊ အမိန့်ကြော်ငြာ စာထုတ်ပြန်၍ ဖွဲ့စည်း ပေးထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များကို ယနေ့(ဩဂုတ် ၁ ရက်)မှ စ၍ ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက ဖျက်သိမ်းလိုက်သော ကော်မတီ၊ အဖွဲ့အစည်း၊ ကော်မရှင် စုစုပေါင်း ၁၈၄ ခုရှိသည်။
ထိုအထဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ(NSPWC)၊ NSPNC၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) နှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ ပါဝင်သည်။
NSPNC ကို ဖျက်သိမ်းလိုက်သော်လည်း အသစ်ဖွဲ့စည်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း၊ NSPNC တွင် ပါဝင်သော ကိုယ်စားလှယ်များ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ကြောင်း သိရသည်။
NSPNC သည် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရသော ကော်မတီဖြစ်သည်။