CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂

ရွေးကောက်ပွဲကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နစကမှ ကျင်းပမည်ဟု ပြောဆိုသုံးသပ် နေကြ ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိကဝတ်ပြု ပြောကြားထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖွယ် ရှိ၊မရှိ အပေါ်  ပြည်တွင်း/ပြည်ပမှာ သဘောထားကွဲလွဲမှုများ ရှိနေကြသည်။

သံတမန် အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ ပြောဆိုမှုအရ နစကအနေဖြင့် ရွေးကောက်ပွဲကို အခြားသူများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျင်းပရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီတောင်းဆိုနေကြစဉ်

၎င်းက “ရွေးကောက်ပွဲက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုပ်တော့မှာပဲဆိုတဲ့ ဟာကတော့ ဒုံးဒုံးချ ဖြစ်သွားပြီပေါ့ အဲဒီလိုမျိုး ပြောပါတယ်။ အဲဒါကြောင့် အခုဆိုရင် အများအားဖြင့် သံရုံးတွေက အခုအချိန်မှာ နွေရာသီ အားလပ်ရက်ဖြစ်လို့ သူတို့ ပြန်သွားပေမယ့်လည်း သူတို့ရဲ့ သံရုံး ရုံးသားတွေကို မှာထားခဲ့တယ်။ ဇူလိုင် လ ၃၁ ရက်နေ့မှာ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုကြေညာမလဲဆိုတာတွေကို သံအမတ်တွေဆီ အချိန်မီ  အကြောင်းကြားဖို့ ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီတော့ အခု လောလောဆယ်မှာတော့ သံတမန် အသိုင်းအဝိုင်း မှာလည်း ရွေးကောက်ပွဲကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကို ရှောင်လွဲလို့ မရတော့ဘူးလို့ ယူဆနေပုံ ရတယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ICG လို ဗမာပြည်အကြောင်း နီးနီးကပ်ကပ် လေ့လာနေတဲ့ အဖွဲ့တွေ ကတော့ အခုလုပ်မယ့် ရွေးကောက်ပွဲက မဖြစ်နိုင်ဘူးလို့ ပြောတယ်” ဟု ပြောသည်။
မြန်မာ့နိုင်ငံ‌ရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများကမူ ပါတီအားလုံး ပါဝင်ခြင်းမရှိသည့် ရွေးကောက်ပွဲ ကို အာဆီယံက လက်ခံမည် မဟုတ်ကြောင်း၊ ပေါင်းစုံပါဝင်ခြင်း မရှိသည့် ရွေးကောက်ပွဲသည် မည်သည့် ပြဿနာ ကိုမျှ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အခြေအနေကို ပိုပြီးဆိုးလာနိုင်စေလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။ 

ထို့ကြောင့် ရွေးကောက်ပွဲကို ဦးစားပေး မဟုတ်ဘဲ အကြမ်းဖက်မှုများ အားလုံးကို ရပ်စဲရန်ကို ဦးစားပေး လုပ်ဆောင်မှသာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ဆွေးနွေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများထဲမှ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံကြိုဆိုကြသည်။

နစကသည် ရွေးကောက်ပွဲကို  အောင်မြင်အောင် ကျင်းပနိုင်ရုံဖြင့် ဒီမိုကရေစီကို ပြန်ကျင့်သုံးရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ပြီဟု ပြောဆိုခြင်းက စည်းလွတ်ဝါးလွတ် ပြောဆိုခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှဥက္ကဋ္ဌ စိုင်းညွန့် လွင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများနှင့် အာဆီယံတို့ကြား သဘောထားကွဲလွဲမှုများ ရှိနေသကဲ့သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများကြားထဲတွင်လည်း ရွေးကောက်ပွဲအပေါ် မည်သည့် သဘောထား မှတ်ချက်မျှ မပေးဘဲ ကြားနေအဖြစ် ရပ်တည်နေသည့် နိုင်ငံများလည်း ရှိနေသည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်

အိမ်နီးနားချင်း နိုင်ငံများက ရွေးကောက်ပွဲသည် ထွက်ရပ်လမ်းအဖြစ် ယူဆထားသောကြောင့် ဆက်လက်၍ အားပေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိမ်နီးနားချင်း နိုင်ငံတွေကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ အဓိက,ကတော့ ထိုင်းရယ်၊ အိန္ဒိယရယ်၊ တရုတ်ရယ် ကတော့ ရွေးကောက်ပွဲသည်သာ ထွက်ရပ်လမ်းပဲလို့ ယူဆထားတယ်။ သူတို့လည်း ဒါကို အားပေး သွားမယ်ပေါ့။ အာဆီယံကြတော့ သူက ၁၀ နိုင်ငံဖြစ်တော့ တချို့နိုင်ငံတွေကတော့ သဘောထားမှတ်ချက် တကယ်ပေးတယ်လို့ မကြားရဘူး။ ဒါပေမယ့် တချို့ကတော့ မလေးရှားပြောသလိုပဲ ရွေးကောက်ပွဲထက် တွေ့ဆုံ ဆွေးနွေးရေးက ပိုအရေးကြီးတယ်၊ အပစ်ရပ်ရေးက ပိုအရေးကြီးတယ်ဆိုပြီး ပြောကြတာပေါ့။ ဒီ‌တော့ သူတို့ရဲ့ နောက်ဆုံး AMM အစည်းအဝေးမှာ ထွက်လာတဲ့ ထုတ်ပြန်ချက်ကို ကြည့်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲ အကြောင်း သဘောထား မှတ်ချက်ပေးတာ မတွေ့ရဘူး။ သူတို့ပြောတာကတော့ အပစ်ရပ်တွေဟာ ရေရှည်ဖြစ်ဖို့ လိုတယ်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ် စသည်ဖြင့်ပေါ့။ Extended and Expanded Ceasefire ဆိုတာကို ပြောတယ်။ အဲဒီတော့ လာမယ့် အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ မှာ သူတို့ ထိပ်သီးလုပ်မယ်၊ ထိပ်သီးလုပ်ရင် မလေးရှား အထူးသံရဲ့ အစီရင်ခံစာကို တင်မယ်လို့ ပြောတယ်” ဟု ပြောသည်။

နစက ဥက္ကဋ္ဌအနေဖြင့် ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နှင့် မိမိတို့ မြန်မာများသာ ဦးဆောင်၍ ဖော်ဆောင်သွားကြရမည်ဟု ပြောကြားထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည် ဖြစ်ပြီး အပိုင်းလိုက် ခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြော သည်။

နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း သိရသည်။