CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

နစက ကျင်းပမည့် ရွေးကောက်ပွဲကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အသိအမှတ် မပြုရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ‌ရွေးကောက်ပွဲကို အသိအမှတ် မပြုမှသာ ၎င်းတို့ သွားလိုသည့် လမ်းကြောင်းကို သွားနိုင်မှာဖြစ်ကြောင်း၊ နစက အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပခွင့်မရှိကြောင်း ၎င်းက ပြောသည်။

ခွန်မြင့်ထွန်းက “အာဆီယံကတော့ အခုသူတို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်အပေါ်မှာ အခြေခံပြီး သူတို့ ချမှတ်ထားတဲ့ ရပ်တည်ချက် အတိုင်းပေါ့လေ၊ ဒီအတိုင်းကို သူတို့တကယ် ဆွေးနွေးညှိနှိုင်းနိုင်ဖို့တော့ လိုပါတယ်။ အာဆီယံအနေနဲ့က ပြီးတော့မှ အထူးအားဖြင့်တော့ အာဆီယံအနေနဲ့က ၂၀၂၃ ရွေးကောက်ပွဲကို သူတို့အနေနဲ့ အသိအမှတ် မပြုဘူးဆိုတာ ထင်ထင်ရှားရှား ပြသဖို့လိုတယ်။ ဒါမှလည်းပဲ ကျနော်တို့ အထူးသဖြင့်ပေါ့လေ၊ အာဆီယံ သွားချင်တဲ့ လမ်းကြောင်းတွေက ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်မပြုမှ သူတို့အနေနဲ့လည်း သူ့ လမ်းကြောင်း သူသွားနိုင်မှာ ဖြစ်တယ်၊ ဒါကြောင့် ဒီ ၂၀၂၃ ရွေးကောက်ပွဲဆိုတာက စစ်ကောင်စီမှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရှိဘူး။ သူက အာဏာသိမ်းခဲ့တာ လုပ်ခဲ့တဲ့အပေါ်မှာ ၂၀၀၈ အခြေခံကို ကိုင်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိဘူး။ နောက်ပြီးတော့ သူကျင်းပမယ့်ပုံစံက သူလိုချင်တဲ့ ပုံစံကို သွားမှာဆိုတော့ နိုင်ငံတကာကလည်း အသိအမှတ်ပြုလို့ မရဘူး။ ဒါကိုလည်း အာဆီယံအနေနဲ့ သူတို့ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်၊ ဒါမှလည်း ကျနော်တို့ ပြဿနာဖြေရှင်းရေးဘက်ကို ပိုပြီး ဦးတည်မှာဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ဆိုရင်တော့ ကျနော်တို့ တဝဲလည်လည်ပဲ ပြန်သွားရမှာပေါ့။ အဲဒါကြောင့် ကျနော်ကြည့်ရတာလည်း အာဆီယံကလည်း သူတို့ ရပ်တည် ချက်တွေကို ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ဖို့တော့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း ကြေညာနေစဉ် (Anadolu Agency)

 

မကြာမီ ရက်ပိုင်းတွင် မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် တတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့ကတော့ မြန်မာ့တပ်မတော်ကိုလည်း မဖြုတ်ချနိုင်သလို ရွေးကောက်ပွဲ ကျင်းပမည်ကိုလည်း မဖြစ်မြောက်အောင် တားဆီးမှုများ ရှိနေပါက ထွက်ပေါက်ပိတ်ကာ မြန်မာ့နိုင်ငံရေး ပိုမို ဆိုး ဝါးလာနိုင်သည်ကို သတိပြုကြရန် လိုအပ်ကြောင်း ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဖြစ်ပါက လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီရန် အကြံပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဒီ ၂ နှစ်နီးပါး ကျနော်တို့ ကြုံတွေ့နေတဲ့ ကျနော်တို့ နိုင်ငံရေး အကျပ်အတည်း အခက်အခဲကို ကျော်လွှားနိုင်ဖို့ အတွက်ဆိုရင် ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံ ဆွေး‌နွေးခြင်းနည်းနဲ့ အဖြေရှာ မယ့် ခုနက သက်ဆိုင်သူ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံနွေးနွေးမှု အခင်းအကျင်း ဖြစ်မြောက်အောင်ပေါ့လေ၊ နိုင်ငံ တကာဖက်ကရော၊ အထူးသဖြင့် အာဆီယံပေါ့လေ၊ ကျနော်တို့နဲ့ အနီးစပ်ဆုံး အာဆီယံ အဝိုင်းအဝန်း ကနေလည်း ကျနော်တို့ကို ဘယ်လိုပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးမလဲ ဆိုတာကိုတော့ ကူညီပံ့ပိုးမှုတွေ၊ လမ်းပြရှာဖွေမှုတွေ အဲဒါတွေကို ဝိုင်းဝန်းကူညီ ‌ဆောင်ရွက်ပေးဖို့တော့ ကျနော်တို့ကတော့ အဓိက အဲဒါကိုတော့ ကျနော်တို့ အကြံပြု ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

အာဆီယံအနေဖြင့် နှစ်ဖက် လက်ခံနိုင်မည့် အရာကို ဆွေးနွေးသင့်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နှစ်ဖက် မျှခြေရှိအောင်တော့ ဆွေးနွေးဖို့ လိုတာပေါ့ဗျာ။ တစ်ဖက်တည်း ဆိုရင်တော့ ချိန်ခွင်လျှာ မညီရင် တော့ အရောင်းအဝယ် မဖြစ်ဘူးပေါ့။ အဲဒီ‌တော့ ဟိုဖက်ကလည်း သဘောကျ၊ ဒီဖက်ကလည်း သဘောကျ နှစ်ဖက် လက်ခံနိုင်တဲ့ အနေအထား ရောက်အောင် လုပ်ပေးနိုင်ရင်‌တော့ ကောင်းတာပေါ့။ အဲဒီ‌တော့ ချိန်ခွင်လျှာ တစ်ဖက် စောင်းနေလို့ရှိရင် အရောင်းအဝယ် မတည့်ဘူးပေါ့။ ကျနော်လည်း အဲဒီ အာဆီယံဥက္ကဋ္ဌ လာတုန်းကလည်း ကျနော် ပြောဖူးသေးတယ်၊ နှစ်ဖက်မျှအောင်လုပ်ပေး၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်လုပ်ပေး ဒီရွေးကောက်ပွဲတို့၊ ဘာတို့ ဆိုးခြင်း၊ ကောင်းခြင်းကတော့ နှစ်ဖက်ရှိမှာပဲလို့ ကျနော်ပြောပြတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲ ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံ ခြားရေးဝန်ကြီး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံရေးပါတီအချို့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။