CNI News

၂၀၂၂ ခုနှစ်၊ မေလ ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)မှ ခေါင်းဆောင်များကို ဖိတ်ခေါ်ထားသည်ကို သွားရောက်မည်ဆိုပါက မည်သည့် အကြောင်းအရာများကို ဆွေးနွေးမလဲ လူထုအား အရင်ချပြသင့်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

နစကဥက္ကဋ္ဌက EAO ခေါင်းဆောင်များနှင့် မိမိကိုယ်တိုင် တွေ့ဆုံမည်ဖြစ်ကြောင်း၊ တက်ရောက်မည့်သူများအနေဖြင့် နာမည် စာရင်းကို မေလ ၉ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ဧပြီ ၂၂ ရက်က မိန့်ခွန်းမှာ ထည့်သွင်းပြောသွားခဲ့သည်။

PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “အဓိကတော့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက တာဝန်ယူမှု တာဝန်ခံမှုတွေ ကင်းမဲ့ခဲ့တယ်။လုပ်ချင်သလို လုပ် မယ်ဆိုရင်တော့ ဒီနေ့ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုရော ကျနော်တို့ ဘယ်လိုယုံကြည်ရမလဲ။ ဒါမေးခွန်းရှိပါတယ်။ ဒါကြောင့်မလို့ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျနော်တို့ သွားတဲ့လူတွေက သွားကြမယ်၊ ကျနော်တို့က လည်း ဒီဥစ္စာကို မသွားနဲ့လို့လည်း တားမြစ်ပိုင်ခွင့်မရှိပါဘူး။ သို့သော်လည်း သွားကြတယ်ဆိုလို့ရှိရင်လည်း ဒီနေ့ အခြေ အနေကတော့ ကျနော်တို့ မှာ တွေ့ကြုံခဲ့ရတဲ့ ဒီအတွေ့အကြုံတွေ အရကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုကို မိမိတို့ ဘာဆွေးနွေးမယ်ဆိုတာ ကြိုတင်ပြောကြားထားကြပြီးမှ သွားကြသင့် တယ်။ ဘာပဲဖြစ်ဖြစ် ကျနော် တို့က တော်လှန်ရေးလုပ်တာဖြစ်တဲ့အတွက် လူထုကို အခြေခံရမှာဖြစ်ပါတယ်။ ကျနော်တို့ ကိုင်ထားတဲ့ လက်နက်တွေက လူထုကပေးထားတဲ့ လူူထုလက်နက်ဖြစ်တယ်။ လူထုငွေနဲ့ဝယ်တာဖြစ်တယ်။ လူထုကို အခြေခံပြီးတော့ တော်လှန်ရေး တွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုကို သွားမယ်ဆိုရင်တော့ ဘာကြောင့်၊ ဘယ်လို၊ သွားရ မယ်၊ ဘာပြောမယ်ဆိုတာကိုတော့ လူထုကို ကြိုတင်ပြောကြားပြီးတော့မှ သွားတာကတော့ ပိုပြီးတော့ လုံခြုံစိတ်ချရမယ် လို့ ကျနော် အဲလိုမြင်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ EAO ခေါင်းဆောင်များကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်

ထို့နောက် ငြိမ်းချမ်းရေး ဖော်ဆောင်သူများသည် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ယခု တပ်မတော်သည် NCA မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဆိုသဘော တူညီချက်ကို ချိုးဖောက်၍ အင်အားသုံး ဖြေရှင်း ခြင်းကြောင့် အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း ရေးကို ဆောင်ရွက်သွားမယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ် ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံ ဆွေးနွေးမှုတွေ ကိုလည်း ပြုလုပ်သွားပါမယ်”ဟု ပြောသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ KNU၊ RCSS၊ DKBA၊ KNU/KNLA-PC၊ CNF၊ ALP၊ ABSDF၊ NMSP၊ LDU၊ PNLO တို့ဖြစ်သည်။ NCA မထိုးနိုင်သေးသည့် အဖွဲ့များမှာ UWSA၊ NDAA၊ SSPP၊ KIA၊ AA၊ TNLA၊ MNDAA၊ KNPP၊ ANC၊ NSCN-K တို့ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲက မည်သည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်မည်လဲ ဆိုသည်မှာ မသိရသေးကြောင်း၊ သို့သော် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက NCA ထိုးထားသည့် ၁၀ ဖွဲ့ထဲမှ ၉ ဖွဲ့နှင့် အဆက်အသွယ်များလုပ်နေကြောင်း၊ NCA မထိုးရသေးသည့် အဖွဲ့များထဲမှ အနည်းဆုံး ၈ ဖွဲ့ဖြင့် အဆက်အသွယ်ရထားကြောင်း ပြောသည်။