CNI News
၂၀၂၅ ခုနှစ်၊ မတ် ၁၈
နစက တစ်နည်းအားဖြင့် မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ဘယ်လိုထွက်မလဲ ဆိုခြင်းအား စဥ်းစားရမည့် အချိန်ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ ဗဟိုအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် များအပေါ် မည်မျှ ပေးနိုင်မည်နည်း မေးခွန်းထုတ်နေကြသလို တဖက်မှာလည်း နစက အနေဖြင့် ပေးပိုင်ခွင့်မရှိ ကြောင်း ထောက်ပြကြသည်။
နစကအနေဖြင့် ပေးခွင့်ရှိသည်ဟု ထင်နေခြင်းသည် လွဲမှားသည့် အယူအဆဖြစ်ကြောင်း၊ ထိုသို့ပေးရန် လုပ်ပိုင်ခွင့် မရှိကြောင်း၊ ယခုအချိန်သည် မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံရေးမှ ဘယ်လိုထွက်မလဲ ဆိုခြင်းအား နစက အနေဖြင့် စဥ်းစားရမည့် အချိန်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ကောင်စီ အနေနဲ့လည်း သူက ပေးခွင့်ရှိတဲ့လူလို့ ထင်နေတာလည်း အဲဒါ လွဲမှားတဲ့ အယူအဆပါပဲ၊ တစ်လျှောက်လုံးမှာ ကျနော်တို့ တိုင်းပြည်မှာက အစိုးရတွေက ပေးတဲ့လူဖြစ်ပြီးတော့ ကျန်တဲ့လူတွေက ယူသွား တဲ့လူ ဖြစ်ခဲ့တယ်၊ စစ်ကောင်စီရဲ့ တရားဝင်မှု၊ မဝင်မှုကိုထားပေါ့၊ အခုက စစ်တပ်က အာဏာသိမ်းထားတာကိုး၊ စစ်တပ်က အာဏာသိမ်းထားတော့ နိုင်ငံရေး ဆွေးနွေးခွင့်မရှိတဲ့ စစ်တပ်နဲ့ စစ်တပ်က စုဖွဲ့ထားတဲ့ စစ်ကောင်စီနဲ့ က အဲဒီအလုပ်တွေကို လုပ်ခွင့်မရှိဘူးပေါ့နော်၊ လုပ်ရင်လည်း တရားမဝင်ဘူးပေါ့၊ အဲလိုပဲ ကျနော်မြင်ပါတယ်၊ ဒါကြောင့် စစ်ကောင်စီနဲ့ကျတော့လည်း ကျနော်တို့က သဘောထားတွေက အမြဲတမ်းလိုမှာ aggressive ဖြစ်နေ တာတော့ မဟုတ်ဘူး၊ လုပ်ပိုင်ခွင့် မရှိတဲ့ဟာကို လုပ်နေတာကိုက လွဲတာပေါ့လေ၊ အဓိကကတော့ ဒီအချိန် လုပ်ရမှာက စစ်တပ်က နိုင်ငံရေးက ဘယ်လိုထွက်မလဲဆိုတာကို စစ်ကောင်စီက စဥ်းစားရမှာဖြစ်တယ်” ဟု ပြော သည်။
လက်နက်ကိုင် ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဗဟိုအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် မည်မျှပေးနိုင်လဲ ဆိုခြင်းသည် အရေးကြီးသည့် ကဏ္ဍတွင် ရှိနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူကလည်း အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေတာပဲ၊ ကျနော်တို့ အရင်တုန်းက ဆိုလို့ရှိရင် NCA လုပ်ငန်းစဥ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တိုင်း ကျနော်တို့ ဆွေးနွေးတဲ့အချိန်မှာ အဓိက ကျနော်တို့ တောင်းဆိုတာကတော့ တပ်မတော်က နိုင်ငံရေးဦးဆောင်မှုမှ ဆုတ်ခွာရေး ကျနော်တို့ တောင်းဆိုတာ၊ တောင်းဆိုတဲ့ အခါကျတော့ သူတို့ကလည်း ကျနော်တို့ ဆုတ်ခွာမယ်ဆိုရင် ခင်ဗျားတို့ရော ခင်ဗျားတို့ EAO တွေရော ဘယ်လိုလုပ်မလဲ၊ ခင်ဗျားတို့ EAO တွေက လက်နက် ဆက်ကိုင်ထားမှာလား၊ ခင်ဗျားတို့ EAO တွေက လက်နက် ဆက်ကိုင်ထားသမျှ ကာလပတ်လုံး ကျနော်တို့က ဘယ်လိုလုပ်ဆုတ်ခွာမလဲ အဲလိုမျိုးပြောတယ်၊ အဲတော့ ကျနော်တို့ ၂ ဖက်က ညှိပြီး တော့မှ အဲဒီတုန်းက မူကြမ်းလုပ်ထားတာက ၁၅ နှစ်စီမံကိန်း၊ အဲဒီ ၁၅ နှစ်စီမံကိန်းမှာ နှစ်ဖက်ဘယ်လို ညှိကြ မယ်၊ နှစ်ဖက်ဘယ်လို လက်နက်ကိုင်တဲ့ အဆင့်ကနေ ဘယ်လိုဆုတ်ခွာကြမယ် ဆိုတာတွေကို ကျနော်တို့ ညှိနေကြတာဖြစ်တယ်၊ ဒါကမပြီးသေးဘူးပေါ့ဗျာ၊ ကျနော်တို့ တတိယပြည်ထောင်စု သဘောတူညီချက် ဆွဲပြီး တဲ့ထိ သူကမပြီးသေးဘူး၊ နောက်ထပ် စတုတ္ထအကြိမ်အတွက် ထပ်ဆက်ဆွေးနွေးဖို့ ဖြစ်တယ်၊ အဲဒီ အချိန်မှာ ဒီအာဏာသိမ်းမှု ဖြစ်လာတာပေါ့ဗျာ” ဟု ပြောသည်။
TNLA-AA-MNDAA ခေါင်းဆောင်များကိုတွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များ အနေဖြင့် မဖြစ်နိုင်တာကို မတောင်းဆိုရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်တာများကို ဆွေးနွေးညှိနှိုင်းရမည်ဟု ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်က ရုရှားနှင့်ဘယ်လာရုစ် ခရီးစဉ်အပြန် လေယာဉ်ပေါ်မှာ ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဒီမိုကရေစီ အင်အားစုများက မြန်မာ့တပ်မတော်ကို နိုင်ငံရေးက ထွက်ခွာရန်၊ ရွေးကောက်ခံ မဟုတ်ဘဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားမှုကို လက်လွှတ်ရန်၊ အရပ်သား အုပ်ချုပ် ရေးအောက်မှာ တပ်မတော်ကို ထားရန် စသဖြင့် တောင်းဆိုလျက်ရှိသည်။
အလားတူ အာရက္ခတပ်တော်(AA)က ကွန်ဖက်ဒရေးရှင် တနည်းအားဖြင့် “ဝ” UWSA ရရှိနေသော အဆင့်အတန်း ထက် မနိမ့်သော နိုင်ငံရေးအဆင့်အတန်းကို အသိအမှတ်ပြုရန် သို့မဟုတ်ပါက သီးခြားလွတ်လပ်ရေးကို သွားနိုင် ကြောင်း ပြောကြားထားသည်။
TNLA ကလည်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းပိုက်ထားသော နယ်မြေများကို စုစည်း၍ ပလောင်ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုထားသလို “ဝ”ကလည်း လက်ရှိ ရရှိထားသော အုပ်ချုပ်ရေး အာဏာအပြင် “ဝ” ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။
KIA ကတော့ ဖက်ဒရယ်ထက် ကျော်လွန်သော ဆွေးနွေးမှုများကို ပြုလုပ်လာမည်ဟု သတိပေးထားသည်။