CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖက်စလုံးကို တရုတ်က ဆက်ကစားသွားနိုင်သော်လည်း စစ်တပ်ဘက်ကို ပိုပြီးယိမ်းသွားလိမ့်မည်ဟု ဆွီဒင်နိုင်ငံသား ဝါရင့်သတင်းစာဆရာ မြန်မာ့အရေး လေ့လာသူ ဘာတေးလ် လင့်တာနာက ပြောသည်။

DNA သတင်းဌာနက ဒီဇင်ဘာ ၄ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော ဘာတေးလ်လင့်တာနာနှင့် အင်တာဗျူး၌ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘာတေးလ်လင့်တနာက “ တရုတ်က နှစ်ဖက်စလုံးကို ဆက်ပြီး ကစားသွားလိမ့်မယ်၊  လက်နက်ကိုင် တော်လှန် ရေး တပ်ဖွဲ့တွေဘက်ရော၊ စစ်ကောင်စီဘက်ကိုရော။ ဒါပေမယ့် စစ်ကောင်စီဘက်ကို ပိုပြီး ယိမ်းသွားလိမ့်မယ်။ တရုတ်က မြန်မာနိုင်ငံရဲ့ အစိုးရအပြောင်းအလဲကို စိတ်မဝင်စားဘူး ၊ တရုတ်အနေနဲ့ မြင်ချင်တာက အပစ်အခတ် ရပ်စဲရေး တစ်ရပ်နဲ့ ဆုပေးဒဏ်ပေးပုံစံနဲ့ သူဝင်ခြယ်လှယ်မယ့် ဆွေးနွေးပွဲတွေပေါ့”ဟု ပြောသည်။

MNDAA ခေါင်းဆောင် ဖုန်တာရွှန်းကို တွေ့ရစဉ်

နစကကို ဖြုတ်ချပြီး အာဏာရယူရန် ကြိုးပမ်းနေသည့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် မြန်မာ့အခြေအနေကို ပြင်ပကမ္ဘာက သတိပြုမိအောင် လုပ်ဆောင်ခြင်းထက် ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ကြောင်း၊ NUG ကို နစကနှင့် တရုတ်အကြား ဆက်ဆံရေးမှာ ကစားသမား တစ်ယောက်အနေဖြင့် မိမိမမြင်ကြောင်း ၎င်းက ပြောသည်။

ဘာတေးလ်လင့်တနာက “တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြတ်ပြတ်သားသား ဝင်ရောက်စွက်ဖက်ဖို့ နည်းလမ်းနဲ့ စိတ်ဝင်စားမှုရှိတဲ့ တစ်ခုတည်းသော ပြင်ပအင်အား ဖြစ်တယ်ဆိုတာကို မကြာသေးခင်က ဖြစ်ပေါ် တိုးထက်မှုတွေက ထပ်ပြီးပြသွားပါပြီ။ မြန်မာစစ်တပ်နဲ့ရော၊ တော်လှန်ရေး အင်အားစုတွေနဲ့ပါ သူ့လောက် ထိတွေ့ဆက်ဆံတဲ့ ပမာဏမျိုး ဘယ်သူ့မှာမှ မရှိပါဘူး”ဟု ပြောသည်။

တရုတ်သည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နှင့် ရင်းနှီးသော ဆက်ဆံရေးရှိကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာ အထောက်အပံ့များ ပေးခဲ့သည်။

တရုတ်ဒရုန်းစက်ရုံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေ့လာနေစဉ်

ထို့နောက် နစကနှင့် သံတမန် ဆက်ဆံရေး တင်းမာမှုဖြစ်ကာ ပြန်လည် ကောင်းမွန်စေရန်အတွက် တရုတ်သည် MNDAA နှင့် TNLA ကို တိုက်ပွဲများ ရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးရန်၊ လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာရန် တိုက် တွန်းနေသကဲ့သို့ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ဆို့ခြင်းဖြင့်လည်း ဖိအားပေးလျက်ရှိနေသည်။

ထို့ကြောင့် TNLA နှင့် MNDAA တို့သည် အပစ်အခတ်ရပ်စဲကြောင်း၊ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း အသီးသီး ထုတ်ပြန်လျက်ရှိနေသည်။

တခြား တစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီချန် အပါအဝင် ယူနန်ပြည်နယ် ခေါင်းဆောင် များကို တွေ့ဆုံ၍ မြန်မာ့အရေး၊ ငြိမ်းချမ်းရေး၊ ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲ အခြေအနေများကို ဆွေးနွေးခဲ့ သည်။

အလားတူ တရုတ်နိုင်ငံရှိ ဒရုန်းစက်ရုံများကို သွားရောက်လေ့လာခဲ့သလို ဒရုန်းများလည်း ဝယ်ယူ၍ စစ်ဆင်ရေး များမှာ တရုတ်ထုတ် ဒရုန်းများ မြန်မာ့တပ်မတော်က ပိုမို သုံးစွဲလာနေကြောင်း သိရသည်။