CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပမည့် မဟာမဲခေါင်ထိပ်သီး အစည်းအဝေးသို့ တက် ရောက်ရန် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ကြားလိုက်ခြင်းသည် နစကကို တရုတ်က တရားဝင်မှု ပေးလိုက်ခြင်းလားဆိုကာ မေးခွန်းထုတ်နေကြသည်။
ထိုသို့ ဖိတ်ကြားမှုအပေါ် တရုတ်နိုင်ငံမှ ပြန်လည်သုံးသပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာ ၃၀ ရက်တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (Press Briefing) အစီအစဥ်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ခေါ်မှုက နစကအား တရားဝင်မှု ပေးခြင်းမပေးခြင်း ထက် ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ဖိတ်ခေါ်ခြင်းဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
(၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ရစဥ်
၎င်းက “ဘာမှဖြစ်စရာ အကြောင်းမရှိဘူး၊ ကျမတို့ တော်လှန်ရေးကို ကျမတို့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာ။ သူ့ အတွက်တော့ ဝါဒဖြန့်ချိရေး ဓာတ်ပုံလေးဘာလေး ရသွားတာပေါ့ဗျာ၊ တစ်ကမ္ဘာလုံးက ဝိုင်းပယ်ထားတာ မဟုတ် ဘူး၊ လူရာသွင်းတဲ့ လူလည်းရှိတယ် ဆိုတဲ့ဟာမျိုးပေါ့။ အဲတာမျိုးလေးကတော့ သူ့အတွက် ဝါဒဖြန့်ချီရေး သတင်း စာအတွက်တော့ ဓာတ်ပုံလေးဘာလေး ရသွားတာဖြစ်မှာပေါ့။ ကျမတို့က ဘာကိစ္စမှ အကျိုးအကြောင်း မရှိဘူး ခင်ဗျ။ သူတရုတ်ပြည်သွားလို့လည်း ဘာမှမထူးဘူး။ ဒါပေမယ့် တရုတ်က ဗမာပြည်အရေးမှာ လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ သူကတွန်းနေတာဖြစ်တော့ သူ့ကိုလည်း အဲတာအတွက် ဖိတ်တာပဲဖြစ်မှာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့အပြင် နိုင်ငံ၏ ကိစ္စရပ်အဝဝအား နစကမှ တာဝန်ယူထားရသောကြောင့် မကြိုက်သည့်တိုင် တရားဝင်အစိုးရတစ်ရပ် အနေအထားမျိုးဖြစ်နေ ကြောင်း နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြကြသည်။
ရွေးကောက်ပွဲနှင့် တက်ရောက်လာခြင်းဖြစ်သော အစိုးရမဟုတ်သည့်အတွက် တရားဝင်မှု မရှိပေမယ့် အခြေခံ ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်နေသော အစိုးရဖြစ်၍ တရားဝင်အစိုးရတစ်ရပ် ဖြစ်နေခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝမ်ယိ မြန်မာနိုင်ငံရောက်လာပြီး နစကဥက္ကဌနဲ့ တွေ့ဆုံစဉ်
၎င်းက “၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမှာ အာဏာထိန်းထားတာသည် ၂၀၀၈ က ပေးထားတဲ့ အခြေခံဥပဒေရဲ့ ပေးထားချက်အောက်မှာပဲ သွားနေတာ၊ အဲတော့ အခြေခံဥပဒေ တည်ငြိမ်ရေးကာလမှာတော့ တရားဝင်မှု၊ တရား မဝင်မှုဆိုတာ ကျနော်တို့က ပြောလို့မရဘူး။ အဲတော့ သီအိုရီအရတော့ ရွေးကောက်ပွဲနဲ့ တက်မလာဘူးဆိုတာက legitimacy မဖြစ်ဘူးပေါ့ဗျာ၊ မြန်မာလိုပြန်လိုက်တော့ တရားဝင်မှု မရှိဘူးဆိုတဲ့ပုံစံ ဖြစ်သွားတာပေါ့။ အမှန်က အခြေခံဥပဒေတစ်ခုလုံးရှိနေတယ်၊ အဲဒီအခြေခံဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အစိုးရတစ်ရပ်လည်း ရှိနေပြီးသားမို့ ဒါသည် တရားဝင်အစိုးရတစ်ရပ် ဖြစ်နေတာပဲ။ ဒါက ကျနော်တို့ နားလည်ထားရမယ့် လက်တွေ့ အနေအထားပေါ့။ သီအိုရီအရတော့ ကျနော်တို့သိပ် အများကြီး အငြင်းပွားစရာ အကြောင်းမရှိဘူး”ဟု ပြောသည်။
နစကဥက္ကဌ သွားရောက်မည့် မဲခေါင်အစည်းအဝေးတွင် ဒေသတွင်း လုံခြုံရေးများ ပူးပေါင်းဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသ ကုန်သွယ်ရေးများ ပြန်လည်လုပ်ဆောင်နိုင်ရန် မျှော်လင့်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိတွင် တရုတ်နိုင်ငံနှင့် နစကကြား သံတမန်ဆက်ဆံရေး ကောင်းမွန်နေပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန် ခရီးစဉ်များသွားရောက်လျက်ရှိနေသည်။