CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇

စစ်ပွဲ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လက်နက်ခဲယမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမှာ တော်လှန်ရေး ၏ အလှည့်အပြောင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြော သည်။

ယနေ့ (စက်တင်ဘာ ၇ ရက်နေ့) တွင် ကျရောက်သော ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် မိန့်ခွန်း တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “မိမိတို့ရဲ့ စိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှု စတဲ့ကဏ္ဍတွေကို လည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကလည်း တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေ တစ်စထက်တစ်စ ပိုမိုရရှိလာနေတာကိုလည်း အနီးစပ်ဆုံးအချိန်က တိုက်ပွဲများရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာ ဖြစ်ပါတယ်၊ ရန်သူစစ်အုပ်စု အတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

PDF များ ကိုင်ဆောင်ကြတဲ့ လက်နက်များကိုတွေ့ရစဉ်

လက်နက်ခဲယမ်း ထုတ်လုပ်မှုမှာ ယနေ့ခေတ်အနေဖြင့် မဆန်းကျယ်ကြောင်း၊ သို့သော်လည်း အရည်အသွေးမြင့် လက်နက်ခဲယမ်း ထုတ်လုပ်နိုင်မှုမှာ မဖြစ်နိုင်ကြောင်း၊ ထို့အတူ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ မည်သည့် နေရာမဆို လုံခြုံမှုမရှိကြောင်း၊ စစ်၏ သဘောသဘာဝအရ လုံခြုံမှု အပြည့်အဝမရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မလုံခြုံမှုဆိုတာတော့ဗျာ၊ ဘယ်နေရာမှ လုံခြုံမှုဆိုတာ စစ်ရဲ့ သဘောတရားမှာ အဲဒါ သူနားမလည်လို့ပါ၊ သူစစ်သားမလုပ်ဖူးလို့ အဲဒီလို လျှောက်ပြောနေတာပါ။ မလုံခြုံတာ ဘယ်နေရာမှ မလုံခြုံဘူးဗျ။ လုံခြုံမှုမှာလည်း ၁၀၀ ရာခိုင်နှုန်း အပြည့်ပေးတယ်ဆိုတာ မရှိပါဘူး။ စစ်သဘောအရ လုံခြုံမှုမှ မရှိတာကိုး၊ အပြည့်အဝ မရှိပါဘူး။ အဲဒီတော့ စစ်သားတစ်ယောက် ဖြစ်လိုက်တယ်၊ NUG နဲ့ ဆန့်ကျင်ဖက် နိုင်ငံရေးသမားတစ်ယောက် လုပ်လိုက် တယ်ဆိုတဲ့ တစ်ပြိုက်နက်တည်း ဟိုးတုန်းကဆိုရင် ကျနော်တို့ တိုင်းပြည် အတွင်းပိုင်းကြီးမှာ အဖြူရောင်ဒေသ  ကြီးဖြစ်နေတဲ့ အချိန်မှာကတည်းကိုက ကျနော်တို့ ရှေ့တန်းသွားဖို့ ယူနီဖောင်းဝတ်လိုက်တာနဲ့ သေနတ် ကိုင်လိုက် တာနဲ့ ကျနော်တို့က ကိုယ့်ကိုယ်ကို မလုံခြုံတော့ဘူးဆိုတာ ကျနော်တို့က အမြဲတမ်း ခံစားရပြီးသားပါ၊ အဲဒီတော့ သူပြောတာဟာ မှားလားဆိုတော့ မမှားပါဘူး။ ဘယ်နေရာမှ မလုံခြုံပါဘူး။ အဲဒီတော့ ပြောရရင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကြီးတောင် မလုံခြုံပါဘူး” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ခန့်အပ်လွှာပေးအပ်နေစဉ်

ပြည်သူ့ခုခံစစ် စတင်ခဲ့သည့် နှစ်နှစ်အတွင်း စစ်ရေးအရ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ နစကအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးများတွင် ကျဆုံးနေပြီဖြစ်ကြောင်း ဒူဝါလရှီးလက ပြောသည်။

တခြား တစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ နီပေါ၊ တရုတ်၊ အိန္ဒိယ၊ ဆော်ဒီ၊ အီရန် ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အပါအဝင် တခြားသော နိုင်ငံများမှ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ် လွှာများကို လာရောက် ပေးအပ်လျက်ရှိသလို ကုလသမဂ္ဂနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံလျက်ရှိသည်။

ဒီမိုကရေစီအင်အားစုများက မြန်မာ့တပ်မတော်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ  လက်နက်ကိုင် တော်လှန်လျက်ရှိသည်။

ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။