CNI International News

ဂျကာတာ၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို အဆုံးသတ်ရန် စည်းလုံးညီညွတ်သည့် မဟာဗျူဟာကို ရှာဖွေကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်(Antonio Guterres)က စက်တင်ဘာ ၇ ရက် တွင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ကုလသမဂ္ဂအနေနှင့် ဝမ်းနည်းဖွယ် အခြေအနေကို တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း ရှိစေရန် ကျဆင်းနေသည့် ဘဏ္ဍာ ရေး အထောက်အပံ့ကို ယခင်ပမာဏအထိ ရောက်ရှိစေရန် မြှင့်တင်သင့်သည်ဟုလည်း ဂူတာရက်စ်က ပြောသည်။ 

၂၀၂၂ ခုနှစ်က အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးရွား လာခဲ့ကြောင်း၊ တပ်မတော်က ဖွဲ့စည်းထားသည့် အစိုးရအနေနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပြန်လည် လွှတ်ပေးရန်၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပြန်လည်ရရှိစေရေးအတွက် တံခါးဖွင့်ထားရန် ဂူတာရက်စ်က ပြော ကြားခဲ့သည်။

အာဆီယံ ခေါင်းဆောင်များကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ ကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံအတွင်း သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့သည်။

ဂူတာရက်စ်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များ အစည်းအဝေးသို့ မတက်ရောက်မီ စက်တင်ဘာ ၇ ရက်က မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ တုံ့ပြန်ဆောက်ရွက်မှု အခြေအနေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂူတာရက်စ်က ကွဲပြားခြားနားမှုများနှင့် လုံခြုံရေး မူဘောင်များ ချမှတ်ရာတွင် ပဋိပက္ခဖြစ်မှုများနှင့်အတူ ကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်များ၌ ကြီးမားသည့် အက်ကြောင်းများကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲနိုင်သည့် အန္တရာယ်ကိုလည်း သတိပေးခဲ့သည်။

 အင်ဒိုသမ္မတနဲ့ ဂူတာရက်စ်ကို တွေ့ရစဉ်

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အခြေအနေ ပိုမိုဆိုးရွားလာခြင်း၊ စစ်ပွဲများ၊ ပဋိပက္ခ ဖြစ်ပွားမှုများ မြင့်တက်လာ ခြင်း၊ ဆင်းရဲမွဲတေမှုနှုန်းနှင့် မညီမျှမှုများ ပိုမိုကွာဟလာခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်း စသည့်တို့ကြောင့် မိမိတို့ ကမ္ဘာသည် အကျပ်အတည်းများအတွင်းသို့ ကျရောက်နိုင်သည်ဟု ဂူတာရက်စ်က ပြော သည်။

" မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူသာချင်း စာနာထောက်ထားမှု အခြေအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပိုမို ဆိုးရွားလာတာနဲ့ပတ်သက်ပြီး ကျနော် အရမ်းစိုးရိမ်မိပါတယ်"ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုထားသည့် အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ထောက်ခံကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့သည်။  

Source: အေပီ