CNI International News

ဘန်ကောက်၊ ဇွန်လ ၁၇

မြန်မာ့တပ်မတော်နှင့် အပြည့်အဝ ပြန်လည်ထိတွေ့ရန် ထိုင်းအိမ်စောင့်အစိုးရက အဆိုပြုခဲ့သလို ကြန့်ကြာနေ သော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တွန်းအားတစ်ရပ် ဖြစ်စေရေး ဇွန်လ ၁၈ ရက်နေ့တွင် တရားဝင် မဟုတ်သော ဆွေးနွေးပွဲတစ်ခု ကျင်းပရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမုဝီနိုင် (Don Pramudwinai)က ဇွန်လ ၁၄ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့သည် ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုဖြင့် နစကအား အဖွဲ့၏ အဆင့်မြင့် အစည်းအဝေးပွဲများသို့ တက်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။ 

ဇွန်လ ၁၈ ရက်နေ့ အစည်းအဝေးကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံက တက်ရောက်ရန် ငြင်းဆိုထားကြောင်း သတင်းအရင်းအမြစ် သုံးခုက ပြောသည်။ 

အင်ဒို-ထိုင်း-မြန်မာ ထိပ်သီးသံတမန်များ တွေ့ဆုံစဉ် (ပုံအဟောင်း)

ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း အင်ဒိုနိုင်ငံခြားရေးဌာနဘက်က ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံခြားရေးဌာနကလည်း ယင်းကို တုံ့ပြန်ရန် ငြင်းဆိုသည်။ 

သြဂုတ်လတွင် ထိုင်း၌ အစိုးရသစ် တစ်ရပ် တက်လာမည်ဟု ယူဆရကာ ယခုကဲ့သို့ ထိတွေ့မှု လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်လား ဆိုခြင်းသည်လည်း မသေချာသေးပေ။ 

နစကနှင့် အာဆီယံ ခေါင်းဆောင်များအကြား ၂၀၂၁ ခုနှစ်တွင် သဘောတူညီထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အား ရှေ့ဆက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှုတစ်ရပ် အနေဖြင့် မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့ အစည်းများဖြင့် တွေ့ခဲ့ခြင်းနှင့် တိုးတက်မှုများကို အင်ဒိုနီးရှားက ပြီးခဲ့သည့်လတွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အလှည့်အပြောင်း ဖြစ်ပွားပြီးချိန် ကတည်းက အကြမ်းဖက်မှုများစွာ ပေါ်ပေါက်ခဲ့သလို မြန်မာ့တပ်မတော်သည် ဒီမိုကရေစီလိုလားသည့် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများ နှင့် ရင်ဆိုင်နေရသည်။ 

မြန်မာ့တပ်မတော်သည် အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက စွပ်စွဲထားသော်လည်း ၎င်းတို့သည် တိုင်းပြည်အား ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိ သည့် အကြမ်းဖက်သမားများကို တိုက်ခိုက်နေရခြင်း ဖြစ်သည်ဟု နစကဘက်က တုံ့ပြန်ထားသည်။

 ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်၏ စာတွင် နစက၏ နိုင်ငံခြားရေးဝန်ကြီးအား အစည်း အဝေးသို့ ဖိတ်ကြားခြင်း ရှိ/မရှိကို တိတိကျကျ မဖော်ပြထားသော်လည်း ဖိတ်ကြားမှု ရှိသည်ဟု သတင်း အရင်း အမြစ် နှစ်ခုက ပြောသည်။ 

အဆိုပြုထားသော အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကနဦး ခြေလှမ်းများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟုလည်း စာတွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့်လ အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သော အာဆီယံညီလာခံမှ အစည်းအဝေးတစ်ခုတွင် အဖွဲ့ဝင် နိုင်ငံတစ်ခု သည် မြန်မာနှင့် ခေါင်းဆောင်ပိုင်းဆိုင်ရာ အနေအထားတွင် ပြန်လည်ထိတွေ့မှု လုပ်ဆောင်သင့်သည်ဟု ပြတ် ပြတ်သားသား အဆိုပြုခဲ့ကြောင်းလည်း 
ရေးသားထားသည်။

Source: ဘန်ကောက်ပို့စ်