CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆

လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရ သည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး မဖြစ်မနေ အကောင်အထည် ဖော် ဆောင်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိငယ်များနှင့် ဇွန်လ ၁၆ ရက်နေ့၌ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ကိုတော့ ထည့်သွင်း ပြောသွားခြင်း မတွေ့ရပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေး ပေါ် ကာလဆိုင်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဟူသည့် အချက်အား မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်တယ်”ဟု ပြောသည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု လိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ပထမအကြိမ် ရွေးကောက် ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီ အစိုးရတပ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲ ညီညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်း တွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများအရ ဖြစ်သင့် ဖြစ်ထိုက်သည် များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့ သော်လည်း ထိရောက် မှု အားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ် သည် ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း ရွေးကောက်ပွဲတွင် မရိုးသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင် ရွက် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်း ကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ် များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်းနေသည့်၊ ပြည်သူလူထုမှ လိုလားသည့် ပါတီစုံဒီမိုက ရေစီ လမ်းကြောင်းခိုင်မာရေးအတွက်သာ ဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါ လမ်းကြောင်းပေါ်မှ သွေဖွယ်အောင် ဆောင် ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင် နေခြင်း ဖြစ်သည်။