CNI International News

ဘေဂျင်း၊ ဇွန်လ ၁၆

ထိုင်းတော်ဝင်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကွေသာ (Narongpan Jitkaewthae) သည် ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြောင်း The Nation သတင်းတွင် ဖော်ပြသည်။

အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံစစ်တပ်များအကြား ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရေးဆွေးနွေးရန် တရုတ်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။ 

ထိုင်းစစ်ဦးစီးချုပ် ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ်

ထိုင်းစစ်ဦးစီးချုပ်သည် ဇွန်လ ၈ ရက်တွင် ဘန်ကောက်မြို့မှ ထွက်ခွာလာကာ ဇွန်လ ၁၆ ရက်နေ့တွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်သည်။ 

ထိုခရီးစဉ်က ထိုင်းစစ်တပ် ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးသော တရုတ်ခရီးစဉ်လည်း ဖြစ်သည်။ 

နာရွန်ပန် ဦးဆောင်သည့် အဖွဲ့သည် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ လီရှန်းဖူ (Li Shangfu) နှင့် တွေ့ဆုံကာ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်များ မျှဝေရန်၊ ဘာသာစကား ဆိုင်ရာ ပူးတွဲသင်ရိုးညွှန်းတမ်း၊ ဆိုက်ဘာလုံခြုံရေး၊ STRIKE ပူးတွဲလေ့ကျင့်ရေး အစီအစဉ်နှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ ဝယ်ယူမှုတို့ အပါအဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ 

ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးရန်အတွက် ယခုနှစ် နောက်ဆုံး သုံးလပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားမှုရှိသည်ဟု လည်း ဗိုလ်ချုပ်ကြီးလီက ပြောသည်။

ထိုင်းစစ်ဦးစီးချုပ် ဇနီးဦးဆောင်သည့် အဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ်

ထိုင်းစစ်ဦးစီးချုပ် ဦးဆောင်သည့် အဖွဲ့သည် ဘေဂျင်းရှိ ထိုင်းသံရုံးနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ အရေးပါသော အဆောက်အဦများကိုလည်း သွားရောက် လည်ပတ်ခဲ့သည်။ 

နာရွန်ပန်၏ ဇနီးဖြစ်သူ ဗိုလ်ချုပ် ပင်ပီဆာ (Pimpisa) သည်လည်း တရုတ်အစိုးရ၏ ဖိတ်ကြားချက်ကြောင့် ဘေဂျင်းအိုလံပစ် ပန်းခြံနှင့် တရုတ်အမျိုးသား ကာကွယ်ရေးတက္ကသိုလ် အပါအဝင် နေရာတချို့ကို သွားရောက် လည်ပတ်ခဲ့သည်။ 

သူမသည် ထိုင်းစစ်တပ် စစ်သမီးများအဖွဲ့၏ ဥက္ကဋ္ဌဖြစ်ကာ တရုတ်ကာကွယ်ရေး တက္ကသိုလ်တွင် တရုတ် စစ်ဘက် လေ့ကျင့်ရေးဆိုင်ရာ ဟောပြောချက်ကို တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ၄၈ နှစ်ကြာ သံတမန် ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် သူမ၏ခရီးစဉ် အထိမ်းအမှတ် အဖြစ် အမှတ်တရ သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့သည်ဟု သိရသည်။

Source: Nation Thai