CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ  နစကနှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား အုပ်ချုပ်ရေး အားပြိုင်လာနေသလား စစ်ရေးကျွမ်းကျင်သူများ ကြား အမျိုးမျိုး သုံးသပ်နေကြသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် နစကနှင့် ULA/AA တို့သည် အပြိုင် အဆိုင် လုပ်ဆောင်နေကြရာ ဇွန်လ ၈ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို နစကဘက်က ကန့်သတ်လိုက်ပြီးနောက် နှစ်ဖက်တင်းမာမှု ရှိလာကြောင်း သုံးသပ်မှုများ ရှိလာသည်။

ယခင်က မြန်မာ့တပ်မတော်နှင့် ULA/AA တို့ နားလည်မှုဖြင့် အသွားအလာ၊ စခန်းကိစ္စများကို လုပ်ဆောင်သည်ဟု ယူဆကြောင်း၊ လက်ရှိတွင် နှစ်ဖက်တင်းမာသည့် အနေအထားကို ပြန်ရောက်သွားကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီမိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က လုပ်ဆောင်ချက်တွေကတော့ တော်တော့ကို ULA/AA နဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ရာကျတယ်၊ ဘာလို့လဲဆိုတော့ ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတာက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေါ့နော်၊ အဲဒီလို ဖြစ် ရေးအတွက် အပစ်အခတ်တွေ ရပ်စဲထားတာဖြစ်တယ်၊ အခုလည်းပဲ မိုခါမုန်တိုင်းသင့် ပြည်သူတွေကို နိုင်ငံတကာ က ကူညီမယ်ဆိုတဲ့ ကိစ္စတွေကို သူတို့အနေနဲ့ အဲဒီလို ပိတ်ပင်တာက မိုင်းလားမှာလည်း ULA/AA က တောင်းဆိုခဲ့ တာ ရှိတယ်၊ အဲဒါကိုလည်း အသိအမှတ် မပြုဘူး။ မူလ ပစ်ခတ်တိုက်ခိုက်တဲ့ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်ရာ ကျတယ်ပေါ့။ ဒါကြောင့် အခြေအနေက အရင်ကလောက်ပေါ့နော် အပေးအယူက ရှေ့ဆက်ပြီး တော့ ရှိနိုင်မလား၊ မရှိနိုင်မလား ကျနော်တို့ မပြောတတ်ဘူး။ သူတို့ကတော့ တင်းမာနဲ့ အနေအထားမျိုးတော့ ပြန်ရောက်သွားတာပေါ့၊ တကယ်လို့သာ အဲဒီလို မဖြေလျှော့ဘူးဆိုရင် ယုံကြည်မှုပြန်ပြီး တည်ဆောက်ရေးကို ပျက်ပြားသွားနိုင်တာပေါ့၊ ခုချိန်တော့ တိုက်ခိုက်တာတွေ သေနတ်ပေါက်တာတွေတော့ မတွေ့ရသေးဘူး” ဟု ပြောသည်။

မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီရေး AA ကို FPNCC က လှူဒါန်းငွေပေးအပ်စဉ်

လက်ရှိ အနေအထားအရ ပြဿနာကို ဦးတည်သည့်ပုံစံမျိုး မရှိကြောင်း၊ သို့သော်လည်း စာသင်ကျောင်းများတွင် ULA/AA အလံ လွှင့်ထူသည့်ပုံစံမျိုး လှုပ်ရှားလာပါက ပြဿနာ ဖြစ်ပွားလာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်တော့ စစ်ရေးတင်းမာမှု အကြီးကြီးတော့ ကျနော်တို့ မတွေ့ရသေးဘူး။ ဒါပေမဲ့ ခုန ပြော သလို ပြန်ကြည့်ရင် AA သည် သူဘာလုပ်ချင်တာလဲ၊ သူစဉ်းစားတဲ့အပေါ် မူတည်ပြီးတော့ နည်းနည်း အပြောင်းအ လဲတွေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်၊ တပ်ဖက်ကတော့ ထုံးစံအရ လုံခြုံရေးပိုင်းနဲ့ လုံခြုံရေးပိုင်း အမြင်အရ သူတို့ဘက်ကတော့ ကန့်သတ်တာတွေ လှုပ်ရှားခွင့်တွေ လုံခြုံရေးပိုင်းဆိုင်ရာ တင်းကျပ်မှုပေါ့နော် အဲဒီအပိုင်းတွေ မှာတော့ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမဲ့ ကျနော်ထင်ပါတယ် တစ်ခါတရံ ကျတော့လည်း အပေါ်က စာထုတ်တာ မျိုးလောက်နဲ့ အောက်မှာ ဖြစ်မယ် မဖြစ်ဘူးဆိုတာက ကံသေကံမ တွက်ဖို့ကတော့ ခဲယဉ်းတာပေါ့၊ အဲဒီတော့ အခြေအနေက စောင့်ကြည့်ဖို့ရှိတယ်၊ ဒါပေမဲ့ လောလောဆယ် အနေအထားအရတော့ ဆိုးဆိုးဝါးဝါး အနေအထား ကို ဦးတည်မယ့် ပုံစံမျိုး ကျနော်တို့ မှန်းလို့ မရသေးပါဘူး။ ဒါပေမဲ့ ခုနက ခြွင်းချက်အနေနဲ့တော့ AA ဖက်က ဘယ်လိုစဉ်းစားလဲ၊ ခုနပြောသလို တခါတရံလည်း ပြီးခဲ့တဲ့ အတွေ့အကြုံအရတော့ ဖြစ်ခဲ့ဖူးတာလည်း ရှိတာကိုး၊ တချို့ဒေသတွေမှာ စာသင်ကျောင်းတွေမှာ AA အလံသွားလွှင့်တာတို့ ဘာတို့ သွားလုပ်တဲ့ဟာမျိုးတွေရှိတော့ အဲဒီ လိုမျိုးက ရည်ရွယ်ချက် တစ်မျိုးမျိုးနဲ့ လှုပ်ရှားမှုတွေ လုပ်လာတယ်ဆိုရင်တော့ အဲဒါဆိုရင်တော့ ပြဿနာဖက်ကို ဦးတည်သွားနိုင်ချေရှိတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း နစကနှင့် ULA/AA တို့သည် ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများ ကို အားပြိုင်လျက် ရှိနေသည်။

မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီရေး နစက-က ကျပ်သိန်းပေါင်း ၇၀၀၀၀ လှူဒါန်းစဉ်

မိုခါမုန်တိုင်း ဝင်‌ရောက်ခဲ့သည့် ရခိုင်တွင် နစကနှင့် AA တို့ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ ယခင်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှ တိုက်ပွဲရှောင်များကို ကူညီထောက်ပံ့မည်ဆိုပါက အုပ်ချုပ်သူက လွယ်လင့်တကူ ခွင့်ပြုခြင်း မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီရခိုင်မှာ ဆိုလို့ရှိရင်တော့ ဒီရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေ စခန်းကို သိမ်းမိတဲ့ အခါမျိုးမှာ AA စခန်းသိမ်းမိတဲ့ အခါမျိုးမှာ UNHCR က ကုလသမဂ္ဂ စားနပ်ရိက္ခာထောက်ပံ့တဲ့ တံဆိပ်တွေနဲ့ စားနပ်ရိက္ခာ သိမ်းဆည်းရမိတယ်ဆိုပြီးတော့ သူတို့က အစိုးရက ထုတ်ပြန်တာမျိုး ရှိခဲ့ဖူးတယ်၊ ပြောချင်တာက အဓိက-က သူတို့ပဲ လုပ်မယ်ဆိုတဲ့ သဘောပေါ့နော်၊ အစိုးရပဲလုပ်မယ်၊ စိတ်ချရတဲ့ သူတို့ မျက်စိအောက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုပဲ သူတို့ ထောက်ပံ့ကူညီတာ လုပ်မယ်ဆိုတဲ့ သဘောတွေ့ရတယ်၊ ဘာကြောင့် ပိတ်သလဲဆိုရင်တော့ ခုနကြောင့်ပေါ့၊ ဒုက္ခသည်တွေဆီ ရောက်တာထက် သူတို့ကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆီ ရောက်တာကြောင့် စားနပ်ရိက္ခာ ဖြတ်တောက်ချင်တဲ့ သဘောပေါ့နော်၊ အဲဒါကြောင့်မို့လို့ တွေ့ရပါတယ်ဗျ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့  ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။