CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၄

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ထိန်းချုပ်နယ်မြေများလာသော်လည်း နစကနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးကာ တည်ငြိမ်အေးချမ်းသည့် အခင်းအကျင်းကို ဖန်တီးရမှာဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက မြို့အချို့ကို AA က ထိန်းချုပ်ထားသော်လည်း မြန်မာ့တပ်မတော်တွင် လေကြောင်းတိုက်ခိုက်မှု ရှိနေကြောင်း၊ တည်ငြိမ်သည့် အနေအထားရှိပြီးကာမှ အုပ်ချုပ်မှု ယန္တရားကို ထူထောင်၍ ရကြောင်း ၎င်းက ပြောသည်။

ဒေါက်တာ အေးမောင်က “အုပ်ချုပ်မှု ယန္တရားတစ်ခုကို ထူထောင်တယ်ဆိုတာ တည်ငြိမ်မှဗျ အခုရန်ကုန်ကိုကြည့် လေ တည်ငြိမ်နေတာကိုး။ မတည်ငြိမ်ဘဲနဲ့ တရားဥပဒေ မစိုးမိုးဘဲနဲ့ ဘယ်လိုမှ အုပ်ချုပ်ရေးယန္တရားကို မထူ ထောင်နိုင်ဘူး။ ရှမ်းပြည်အထူးဒေသတွေကို ပြန်ကြည့်ပေါ့ဗျာ၊ “ဝ”တို့၊ မိုင်းလားတို့ ဘာကြောင့် အုပ်ချုပ်မှု ယန္တရားကို ထူထောင်နိုင်သလဲဆိုတာ တည်ငြိမ်အေးချမ်းတယ်၊ တရားဥပဒေစိုးမိုးတယ်၊ ဘာကြောင့် တည်ငြိမ် အေးချမ်းသလဲ၊ ဘာကြောင့် တရားဥပဒေစိုးမိုးသလဲဆိုရင် ငြိမ်းချမ်းမှုကြောင့်၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဗိုလ်ချုပ်မှူး ကြီး ဦးသန်းရွှေတို့ လက်ထက်ကသာ ငြိမ်းချမ်းမှု မဖော်ဆောင်နိုင်ခဲ့ဘူးဆိုရင် “ဝ” ဒေသ နှစ် ၃၀ အခုလို ထူထောင်နိုင်မယ့်၊ ထူထောင်လို့ရမယ့် အခင်းအကျင်း မပေါ်နိုင်ဘူးဗျ။ ဘာလို့ဆို ဝေဟင်စိုးမိုးမှုက မြန်မာ့ တပ်မတော်မှာ ရှိတာကိုး။ ဆိုတော့ ခုနက မတည်ငြိမ်မှုဆိုတဲ့ အခင်းအကျင်းတွေ မဖြစ်အောင် တည်ငြိမ်တဲ့ အခင်းအကျင်းဖြစ်အောင် ငြိမ်းချမ်းမှုရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရဲ့ သဘောတူချက်ပေါ့၊ နိုင်ငံရေးအရဖြစ် နောက်တက်လာတဲ့ နိုင်ငံရေးအစိုးရ ပေါ်လာမှပဲ ခင်ဗျားတို့ ဆွေးနွေးကြပါဆိုတဲ့ တပ်မတော်တွေ တနည်းအားဖြင့် မြန်မာ့တပ်မတော်နဲ့ “ဝ”၊ မိုင်းလားတပ်တို့ပေါ့ဗျာ ညှိနှိုင်းမှု ကြောင့် လက်ရှိအခင်းအကျင်း အသီးအပွင့်ကို တွေ့ရတာကိုး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ထဲမှာ ဗုံးကြဲခံရ၍ ဖျက်စီးနေသော အဆောက်အအုံကိုတွေ့ရစဉ်

လက်ရှိ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့သည်လည်း ဟိုင်ဂင်သဘောတူညီချက်ဖြင့် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်ရပ်ခဲ့ကြောင်း၊ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးများ စတင်ရေး မြန်မာ့တပ်မတော်နှင့် စကားပြောဆိုရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

မြောက်ပိုင်းသုံးဖွဲ့(MNDAA-TNLA-AA)၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ရခိုင်ဒေသတွင်း လူထုများ စားဝတ်နေရေး အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေကြရကြောင်း၊ လက်ရှိတိုက်ပွဲမှာ ရခိုင်မြောက်ပိုင်းကနေ တောင်ပိုင်းသို့ ကူးစက် လာပြီဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

 AA တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “တရုတ်မှာ ညီနောင်သုံးဖွဲ့ကနေပြီးတော့ အပစ်ရပ်တာတို့ လက်မှတ်ထိုးတာတို့ ရှိတယ်။ ဒါပေမဲ့ ကျနော် သိသလောက်က ရခိုင်မှာ အဲဒီဟာနဲ့ မဆိုင်ဘူးနဲ့တူတယ်။ ပုံမှန်ပစ်တာ ခတ်တာတို့ လေယာဉ်နဲ့ လာကြဲတာတို့ ဒါမျိုးတွေက ကြားနေရတာပေါ့နော်၊ အခုဆိုရင် ရခိုင်ပြည်မြောက်ဖက်မှာဆိုရင် တော်တော်များများတော့ သူတို့ ဆုတ်သွားတာတွေ့တယ်၊ ဒါပေမဲ့ တောင်ပိုင်းကို စစ်မီးကူးတာပေါ့ဗျာ၊ စစ်မီးကူးတယ်၊ အခုရမ်းဗြဲဆိုရင် မြို့က ကုန်သလောက်ဖြစ်နေပြီ။ အဲဒီကနေ တဆင့်ဆိုရင် ကျောက်ဖြူမြို့ အနီးအနားမှာရော တိုက်ပွဲတွေဖြစ်တော့ အခု မြို့ကလူတွေပါ ပြေးနေကြတဲ့ဟာတွေ တွေ့နေရတယ်ပေါ့နော်” ဟု ပြောသည်။

AA အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို ရရှိရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောဆိုထားသလို ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကိုလည်း အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးများကို ဖော်ဆောင်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံလူထုများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။