CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ရက္ခိုင့်တပ်တော် (ULA/AA) က သိမ်းယူထားသည့် နှုံးဘူးနှင့် ထရွန်အိုင်ဗျူဟာကုန်းမှာ မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့်စီးပွားရေးအတွက် အရေးကြီးသည် မဟာဗျူဟာမြောက်နေရာဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာ သူများက ပြောသည်။

မြန်မာ့တပ်မတော်၏ အထိုင်စခန်းဖြစ်သော ထရွန်အိုင်ဗျူဟာ ကုန်းကို AA မှ ဒီဇင်ဘာ ၄ ရက်နေ့က သိမ်းယူခဲ့ သလို  နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သိမ်းယူခဲ့ ကြောင်း ULA/AA က ထုတ်ပြန်ခဲ့သည်။

အဆိုပါ နှုံးဘူးဗျူဟာကုန်းနှင့် ထရွန်အိုင်ဗျူဟာကုန်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တည်ရှိပြီး အိန္ဒိယနှင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံတို့ဖြင့် ကုန်သွယ်နိုင်သော မဟာဗျူဟာမြောက်လမ်းကြောင်းပေါ်မှာရှိသည်။

မြန်မာ့တပ်မတော်ဘက်က ထိုဗျူဟာကုန်းများကို အခိုင်အမာ တည်ဆောက်ထားကြောင်း၊ AA ဘက်ကလည်း ပေးဆပ်မှုများနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။

 ပလက်ဝမြို့ကို တွေ့ရစဉ်

၎င်းက “တနည်းအားဖြင့် ကျနော်ခုနပြောတဲ့ အဲဒီဖက်က ဝင်ပေါက်သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲကတည်းက ရှိတော့ အခုထိ အဲဒီဖက်ကိုပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အန္တရာယ်ကို အာရုံစုစိုက်ထားပုံရပါတယ်၊ အဲဒီတော့ တစ်ခုရှိတာက အဲဒီလိုမျိုး ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ထရွန်အိုင်တို့၊ နှုံးဘူးဗျူဟာတို့ဆိုတာ တော်ရုံတန်ရုံ ပေးဆပ်မှုမျိုးနဲ့ဖြင့် AA ဖက်လည်း ရမယ်မထင်ဘူး။ ဘာလို့ဆိုရင် ထိုးစစ်တစ်ရာ ခံစစ်တစ်ယောက်လို့လည်း သတ်မှတ်ကြတာကိုး ခံစစ်တစ်ဦးနဲ့ ထိုးစစ်အယောက် ၁၀၀ ကို သူ့ဘက်က ကာကွယ်နိုင်တယ်လေ၊ နောက် register လုပ်ထားတဲ့ တကယ့်ပုံသေပစ်မှတ်ကြီးတွေ ဖြစ်တဲ့အခါမှာ အမြဲတမ်း ပြန်သိမ်းဖို့ ပြန်ပြီးတော့ ထိန်းသိမ်း ထားဖို့ဆိုတာလည်း AA အတွက်လည်း ခက်ခဲပါလိမ့်မယ်၊ ပေးဆပ်ခဲ့ရတဲ့ အသက်တွေလည်း တော်တော်များပုံရပါ တယ်။ ဒီဘက်ကလည်း ဗျူဟာမှူးကျတယ်ဆိုတဲ့ သတင်းလေးတွေလည်း နှုံးဘူးဗျူဟာနောက်ပိုင်းမှာ သတင်း ထွက်လာတာပေါ့၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကလည်း ကျည်ဆံ နောက်ဆုံးတစ်ထောင့်ဟာ အသက်ကို စွန့်တဲ့အထိ ဘာညာဆိုတဲ့ ဒီဘက်က စိတ်ဓါတ်စစ်ဆင်ရေးအားဖြင့်လည်း ဆောင်ရွက်ထားတဲ့ ကာလမျိုးမှာ ပေးရတဲ့အသက် တွေ ရှိမှာပေါ့၊ အဲဒီမြေနေရာတွေ အားလုံးကလည်း register လုပ်ထားတဲ့ ခုနလို အတိအကျ သတ်မှတ်ထားတဲ့ နေရာဖြစ်တဲ့အခါမှာ AA အတွက်လည်း အင်မတန် ကြောက်စရာကောင်းတယ်၊ ဒါ သတ်ကွင်းကြီးလည်း ဖြစ်သွား နိုင်တာပေါ့၊ အဲဒါကြောင့် သူ့အတွက် တစ်ဖက်ပြန်ကြည့်ရင်လည်း ညှိနှိုင်းမှုဟာ ဒီကာလမှာ လိုအပ်တယ် ဆိုတဲ့ ဖက်နဲ့ လူကြီးပိုင်းတွေဖက်ကလည်း စဉ်းစားမှာပေါ့ဗျာ” ဟု ပြောသည်။

အဆိုပါ ဗျူဟာကုန်း ၂ ခု၏ အရေးပါမှုမှာ အိန္ဒိယနှင့် မြန်မာ ကုလားတန်စီမံကိန်းကို ထိန်းချုပ်ထားသည့် နေရာ ဖြစ်ကြောင်း၊ ထိုဗျူဟာကုန်းကို ရရှိခြင်းအားဖြင့် စီမံကိန်းအား AA ထိန်းချုပ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဗျူဟာကုန်းက အရေးပါမှုဆိုတာ အဓိကအားဖြင့် အိန္ဒိယနဲ့ မြန်မာ ကုလားတန်မြစ်ဝှမ်း စီမံကိန်းကို အဓိကအားဖြင့် ထိန်းချုပ်ထားတဲ့ နေရာပေါ့ဗျာ၊ အဲဒီတော့ ဒီစခန်းနှစ်ကို ရရှိခြင်းအားဖြင့် ကုလားတန်မြစ်ဝှမ်းကို AA အဖွဲ့ကနေပြီးတော့ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ အနေအထားကို ဖော်ပြရာရောက်ပါတယ်၊ အဲဒါဟာ အိန္ဒိယရဲ့ အရှေ့မျှော်ရည်ဝါဒကို အကောင်အထည်ဖော်ဖို့အတွက် အရေးပါတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ AA ရဲ့ လွှမ်းမိုးသိမ်းပိုက်လိုက်နိုင်မှုဟာ စစ်ကောင်စီအနေနဲ့ ဒီလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် အကြောင်းအချက် မရှိတော့ဘူး။ အဲဒီအဆုံးအဖြတ်ဟာ AA လက်ထဲမှာ ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် တော်တော်လေး အကျိုး အမြတ် ရှိတဲ့ အတော်လေး အလားအလာကောင်းတဲ့ အနေအထားလို့ ကျနော်တို့ သုံးသပ်ရပါတယ်” ဟု ပြော သည်။

ကုလားတန်မြစ်တစ်လျှောက်ရှိ ထရွန်အိုင်ကျေးရွာကိုတွေ့ရစဉ်

သို့သော် AA အနေဖြင့် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအတွက် အရေးကြီးသည့် မဟာဗျူဟာကျသော ဗျူဟာကုန်းများကို တပ်မတော်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာမှာဖြစ်၍ ရေရှည် ထိန်းထားနိုင်ရန် ခက်ခဲနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

ဒေါက်တာ အေးမောင်က “အဲဒီထိန်းချုပ် ဗျူဟာကုန်းတွေကို ပြန်ကြည့်ရင် ကစ္ဆပနဒီမြစ်တို့ ပလက်ဝတို့ နောက် အိန္ဒိယနယ်စပ်တို့ တစ်ဖက်က ဘင်္ဂလားနယ်စပ်တို့ထိ ထိန်းချုပ်နိုင်တဲ့ ကုန်းမြင့်၊ ဗျူဟာကုန်း တနည်းအားဖြင့် အလွန်အက္ခရာကျတဲ့ နေရာလည်း ဖြစ်နိုင်တာပေါ့၊ ဆိုတော့ အဲဒီဒေသစိုးမိုးမှုအတွက် AA ရည်မှန်းတယ်ဆိုရင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ပေါ့ဗျာ၊ တနည်းအားဖြင့် အိန္ဒိယရဲ့ ပရောဂျက်ရဲ့ အဓိက အထိုင်စခန်းပေါ့ဗျာ၊ ထိန်းချုပ်နယ်မြေ တနည်းအားဖြင့် ပလက်ဝကနေ ဟိုးဖက်က အိန္ဒိယအရှေ့မြောက်ကို သွားတဲ့ ကုန်းလမ်း တစ်ကြောလုံးကို ထိန်းချုပ်နိုင်တဲ့ ဗျူဟာမြောက်ကုန်းတွေ ဖြစ်နိုင်တာပေါ့၊ အဲဒါကြောင့်လည်း အသည်းအသန် သူတို့ဖက်က မရရအောင် ကြိုးစားရယူတာလည်း ဖြစ်နိုင်တာပေါ့၊ အဲဒီတော့ ပြေငြိမ်းဖို့အတွက်ကြရင် ညှိနှိုင်း တိုင်ပင်မှုသည် AA အတွက်လည်း လိုအပ်လာမှာပေါ့ဗျာ ဒီကြားထဲမှာ ရှမ်းမြောက်မှာဖြစ်တဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ ညှိနှိုင်းမှုသည် နောက်ပိုင်းမှာ AA၊ TNLA တို့နဲ့ ပြေလည်ခဲ့လို့ရှိရင် ဒီပလက်ဝဒေသရဲ့ သူ့ရဲ့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ် ထိစပ် ဧရိယာတစ်ခုလုံးနဲ့ ပတ်သက်တဲ့ AA နဲ့ ပတ်သက်တဲ့ Bilateral agreement သည်လည်းပဲ အောင်မြင်ရင် တော့ နှစ်ဖက်ညှိနှိုင်းမှု အောင်မြင်ရင် ပေါ်ထွန်းလာနိုင်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာလည်း ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။