CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ရှမ်းနီတိုင်းရင်းသားများ နေထိုင်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) နံနက် ၅ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်စီးနင်း၍ လီဆူ ပြည်သူ့စစ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIA သည် တာလောကြီးရွာကို စီးနင်းထားရာတွင် ကျေးရွာနေ ရှမ်းနီပြည်သူလူထုကို ထွက်ပြေးတိမ်းရှောင်ခွင့် မပေးဘဲ လူသားတံတိုင်းပြု၍ အကာအကွယ်ယူကာ တိုက်ခိုက်နေကြောင်း ရှမ်းနီအမျိုးသားများ ညီညွတ်ရေး အစည်းအရုံး(SNUA)က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကလည်း မြစ်ကြီးနားမြို့ဘက်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် KIA တပ်ဖွဲ့ကို တိုက်ခိုက်ရာ တာလောကြီးရွာဘေးအထိ ကျရောက် ပေါက်ကွဲနေကြောင်း၊ ရွာနေ ရှမ်းနီပြည်သူလူထု အတွက် အန္တရာယ်ကြီးစွာ ကျရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KIA တပ်ဖွဲ့ကိုတွေ့ရစဉ်
SNUA က “ စစ်ရေးပဋိပက္ခအတွင်း ပါဝင်လျက်ရှိသည့် KIA တပ်ဖွဲ့၊ လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ (IHRL)အပေါ် လေးစားလိုက်နာရန် လိုအပ်ကြောင်း သတိပေးပါသည်။ KIA တပ်ဖွဲ့၊ လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတို့သည် ရှမ်းနီပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ရှမ်းနီပြည်သူလူထုနေထိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေး အဆောက်အဦများတွင် ဝင်ရောက်နေရာယူခြင်း၊ ၎င်းနေရာများကို စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုကြရန်နှင့် ရှမ်းနီပြည်သူလူထုကို စစ်ဘေး လွတ်ရာသို့ ထွက်ခွာခွင့်ပြုရန် တောင်းဆိုပါသည်”ဟု ထုတ်ပြန်ပြောကြားထားသည်။
တာလောကြီးရွာသည် ရှမ်းနီတိုင်းရင်းသားများ အစဉ်အဆက် နေထိုင်ခဲ့ကြသည့် သမိုင်းဝင် ကျေးရွာကြီးဖြစ်ပြီး KIA ၏ ရန်ပြုခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်းကို အကြိမ်ကြိမ် ခံရသည့်ရွာ တစ်ရာဖြစ်ရာ ယခုစစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်း၌လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်များရှိလာမည်ကို များစွာစိုးရိမ်နေရသလို အခြေအနေအရပ်ရပ်ကို မိမိတို့ အစည်းအရုံးက စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာသည်ဟု SNUA က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ တာလောကြီးကျေးရွာတွင် ကျား ၃၄၁၀ ဦး၊ မ ၃၄၆၉ ဦး စုစုပေါင်း ၆၈၇၉ ဦး နေထိုင်လျက်ရှိသည်။