CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ စားသောက်ဆိုင်ပိုင်ရှင် ရှမ်းနီအမျိုးသမီးတစ်ဦးကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ဩဂုတ် ၂၈ ရက်နေ့အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူမှာ သဒ္ဒါမိုး စားသောက်ဆိုင်ပိုင်ရှင် ရှမ်းနီအမျိုးသမီး ဒေါ်ရွှေရည် ဖြစ်ကြောင်း၊ ယနေ့ (ဩဂုတ် ၂၈ ရက်နေ့)အထိ အဆက်အသွယ် မရသေးကြောင်း၊ ဒေါ်ရွှေရည်ကို ည ၇ ဝန်း ကျင်က ဆိုင်ကယ်ဖြင့် KIA၊ PDF အဖွဲ့ဝင် ၄ ဦးက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂၅ ရက်နေ့ ၇ နာရီ၊ ည ၇ နာရီလောက်ပေါ့၊ KIA၊ PDF အဖွဲ့ ၄ ယောက်လောက် လာခေါ်သွားတာ၊ အိမ်မှာ လာခေါ်သွားတာလို့ ပြောတယ်၊ ဆိုင်ကယ်နဲ့၊ အခုလောလောဆယ်က အဆက်အသွယ် မရသေးဘူး။ စုံစမ်းတာ တော့ စုံစမ်းနေသေးတယ်။ သူ့မိသားစုဝင်တွေကတော့ နည်းနည်းကြောက်နေတာပေါ့၊ စုံတော့ စုံစမ်းတယ်” ဟု ပြောသည်။

ဖားကန့်မြို့အ၀င်ကိုတွေ့ရစဉ်

အဆိုပါ အမျိုးသမီးအား မည့်သည့်ကိစ္စကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးကြောင်း၊ ယခု ဩဂုတ်လအတွင်း KIA၊ PDF တို့ ဖားကန့်မြို့နယ်အတွင်း ဖမ်းဆီးမှုမှာ ၃ ယောက်ခန့် ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုဖမ်းဆီးမှုနှင့် ပတ်သက်၍ KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI က ဆက်သွယ် မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရသေးပေ။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ရှမ်းနီဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင် တို့ကို ကချင်ပြည်နယ်အတွင်းသို့ ထည့်သွင်း ပေးလိုက်ကြောင်း၊ ကျန် ရှမ်းနီဒေသများဖြစ်သည့် ကလေးခရိုင်၊ ခန္တီး ခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင် တို့ကိုလည်း စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဒေသများအား ရှမ်းနီပြည်နယ်အဖြစ် ပြန်လည်ဖွဲ့စည်းပေးရန် ရှမ်းနီများက ခေတ်အဆက်ဆက်က တောင်းဆိုခဲ့ကြကြောင်း၊ ရှမ်းနီအရေး လှုပ်ရှားသော သူများအား KIA၊ PDF များက ပစ်မှတ်ထား သတ်ဖြတ်လေ့ ရှိကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက ရှမ်းနီအမျိုးသားညီလာခံ ကျင်းပနေစဉ်

၎င်းက “ညောင်နှစ်ပင်ညီလာခံမှာ ဗိုလ်ထွန်းရင်တို့က ရှမ်းနီပြည်နယ် တောင်းထားတယ်လေ၊ တောင်းထားတဲ့အခါ မှာ တောင်းထားတဲ့အခါကြတော့ အဲဒါနဲ့ ကျနော်တို့က တောက်လျှောက် ဆက်တောင်းတယ်၊ တောင်းတာကို သူတို့က ကျနော်တို့က မကျေနပ်တာတဲ့ဗျာ၊ မကျေနပ်ပြီးတော့ ရှမ်းနီတွေကို များသောအားဖြင့် စာပေယဉ်ကျေးမှု တွေ၊ ရှမ်းနီအကြီးအကဲတွေ ဥက္ကဋ္ဌတွေ၊ ကျေးရွာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကုန်လိုက်သတ်နေတာ သူတို့က နောက်ပြီးတော့ ကျနော်တို့ရဲ့ အမျိုးအဆွေတွေပေါ့နော်၊ ကျနော်တို့ လူမျိုးတွေရဲ့ အမျိုးအဆွေ လုပ်တဲ့ ဟာကိုလည်း သူတို့ ဖမ်းဆီးသတ်ဖြတ်နေတာ တော်တော်ကို များပြီဗျ၊ ကျနော်တို့ စာရင်းဆိုရင် ၂၀၂၂ ဒီဇင်ဘာပေါ့ နော်၊ ၃၁ ရက် ၁၂ လ၊ ၂၀၂၂ အထိ ကျနော်တို့ စာရင်းပြုထားတာ ၇၀၆ ယောက်ရှိပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာမှ ရှမ်းနီဆရာ တော် ဦးဂန္ဓမာကို KIA၊ PDF ပူးပေါင်းအဖွဲ့က လာရောက် ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် နေထိုင်သော ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယကဖြစ်သူ ဦးသန်းဖေ လုပ်ကြံသတ်ဖြတ် ခံခဲ့ရသေးသည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကလည်း ဗန်းမောက် ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို KIA၊ PDF များ ဖမ်းဆီးသွားခဲ့ပြီး ရှမ်းနီ အရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းအရပ်ဖက် အဖွဲ့ အစည်းများ၊ ရှမ်းနီနိုင်ငံရေးပါတီများ၏ တောင်းဆိုမှုကြောင့် ဇွန်လ ၂၄ ရက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။