CNI International News

တီဟီရန်၊ သြဂုတ် ၂၈

၁၉၈၀ ပြည့်နှစ် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသစ် ထူထောင်မှုကို ဆန့်ကျင်သည့် အာဏာသိမ်းဖို့စီစဉ်မှုဖြင့် အမေရိကန်အစိုးရအား နစ်နာကြေးအဖြစ် ဒေါ်လာ သန်း ၃၃၀ ပေးဆောင်ရန် အီရန်တရားရုံးက အမိန့်ချမှတ်ခဲ့ သည်ဟု သြဂုတ် ၂၆ ရက်တွင် အီရန်အရာရှိတစ်ဦးက ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အမေရိကန်က ထောက်ပံ့ပေးထားသည့် ရှားဘုရင်ကို ဖြုတ်ချခဲ့သော ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အပြီး တစ်နှစ်အကြာတွင် စစ်တပ်မှ အရာရှိအများစုသည် အစိုးရသစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်။ 

အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ထုတ်ပြန်ချက်အရ အာဏာသိမ်းရန် ကြံစည်မှုကို အီရန် လေတပ် တပ်မှူးဟောင်း ဆာအိဒ် မာဒီယွန် (Saeed Mehdiyoun) က ဦးဆောင်ခဲ့ပြီး ဟာမီဒန် (Hamedan) ပြည်နယ်ရှိ လေတပ်စခန်းဖြစ်သည့် နိုဂျာ (Nojeh) ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

စစ်ပွဲအလိုမရှိကြောင်း အမျိုးသမီးပြသနေစဉ်

အာဏာသိမ်းရန် ကြံစည်သူများနှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူအချို့ သေဆုံးခဲ့ကာ လူပေါင်းများစွာကို ဖမ်းဆီးရမိခဲ့သည်။ 

"သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်စခန်းတွေကို စီးနင်းထိန်းချုပ်ဖို့ဖြစ်ပြီး မဟာဗျူဟာကျတဲ့ စင်တာတွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ အိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ မအောင်မြင်ခဲ့ပါဘူး" ဟု IRNA က ဖော်ပြခဲ့သည်။ 

အမေရိကန်နဲ့ အီရန်ကို ညွန်ပြနေစဉ်

အာဏာသိမ်းရန် ကြံစည်မှုအတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် ဆွေမျိုးများအတွက် နစ်နာကြေး တောင်းဆိုရန် အီရန်သည် နိုင်ငံတကာ တရားရုံးကို လျှောက်ထားခဲ့သည်ဟု တရားရေးဌာန၏ Mizan Online ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အထူးသဖြင့် အမေရိကန်သည် အဆိုပါ အာဏာသိမ်းရန် ကြံစည်မှုကို ပြုလုပ်ခဲ့ကြောင်း Mizan ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

တီဟီရန်မြို့တော်ရှိ တရားရုံးကလည်း အမေရိကန် အစိုးရအနေနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများအတွက် တရားလိုများကို ဒေါ်လာ သန်း ၃၀ ပေးရန်နှင့် ဆိုးရွားသည့် ထိခိုက်နစ်နာမှုများကိုတော့  ဒေါ်လာ သန်း ၃၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးအပြီးတွင် အမေရိကန်နှင့် အီရန်အကြား သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်