CNI International News

လန်ဒန်၊ သြဂုတ် ၂၈

ကမ္ဘာတစ်ဝန်းရှိ အကြီးစား လက်နက်ကန်ထရိုက်တာများသည် ၎င်းတို့၏ လုပ်ငန်းများကို ဂျပန်အား ဗဟိုပြုပြီး ပြောင်းလဲလုပ်ဆောင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။ 

အရှေ့အာရှတွင် လုံခြုံရေး အခြေအနေ ယိုယွင်းလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရသော ဂျပန်သည် ကာကွယ် ရေး အသုံးစရိတ်ကို တိုးမြှင့်ရန် ပြင်ဆင်နေချိန်၌ အနောက်နိုင်ငံများမှ လက်နက်ရောင်းချသည့် ကုမ္ပဏီများသည် ဂျပန်ကို အဓိက အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။ 

ယခုနှစ်အတွင်း ဗြိတိန်၏ လေကြောင်း၊ အာကာသနှင့် လက်နက်ကုမ္ပဏီဖြစ်သည့်  BAE Systems သည် ၎င်း၏ အာရှလုပ်ငန်းများအတွက် ကြီးကြပ်ရေး လုပ်ငန်းများကို မလေးရှားမှ ဂျပန်သို့ ပြောင်းရွှေ့ခဲ့သည်။

မော်စကိုမြို့က လက်နက်ပြပွဲကိုတွေ့ရစဉ်

အမေရိကန်၏ Lockheed Martin ကုမ္ပဏီသည်လည်း မကြာသေးမီကပင် ၎င်း၏ လုပ်ငန်းများကို ဂျပန်သို့ ပြောင်းရွှေ့ လုပ်ဆောင်ခဲ့သည်။

BAE ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ဂျပန်တွင် ကုမ္ပဏီခွဲတစ်ခု တည်ထောင်ခဲ့ပြီး အာရှဒေသတစ်ခုလုံး အတွက် စီးပွားရေး မဟာဗျူဟာများကို ကြီးကြပ်ရန်အတွက် မန်နေးဂျင်း ဒါရိုက်တာတစ်ဦး ခန့်အပ်ခဲ့သည်။

ထို့ပြင် လန်ဒန်အခြေစိုက် BAE သည် မျိုးဆက်သစ် တိုက်လေယာဉ်များ ပူးပေါင်းတည်ဆောက်ရေးအတွက် ဂျပန်၊ ဗြိတိန်နှင့် အီတလီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး လေကြောင်း ပရိုဂရမ် (GCAP) ၏ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Lockheed Martin ကုမ္ပဏီကလည်း စင်္ကာပူရှိ ၎င်း၏ အာရှရေးရာ မဟာဗျူဟာ ဌာနချုပ်ကို ဂျပန်သို့ ရွှေ့ပြောင်းခဲ့ သည်။ 

ဒရုန်းတစ်စင်းကိုတွေ့ရစဉ်

ထိုဌာနချုပ်သည် ယခင်က အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများကို ကြီးကြပ်သည့် ဌာနဖြစ် သည်။

မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ် ခြိမ်းခြောက်နေမှု အပြင် တရုတ်က ထိုင်ဝမ်အား စစ်ရေးအရ ကျူးကျော် လာနိုင်သော စစ်ပွဲဖြစ်ပွားဖွယ်ရှိသည့် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် Lockheed Martin ကုမ္ပဏီသည်  ဒေသ တွင်း အခြေအနေများအရ ၎င်း၏ အာရှရေးရာမဟာဗျူဟာ ဌာနချုပ်ကို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

Lockheed Martin ကုမ္ပဏီသည် ဂျပန်နှင့် နီးစပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး မြေပြင်မှ ဝေဟင်ပစ် လေကြောင်းကာကွယ်ရေးစနစ် Patriot Advanced Capability-3 (PAC) နှင့် F-35 ကိုယ်ပျောက် တိုက်လေယာဉ် များ ဖြန့်ချိမှုကဲ့သို့ လက်နက်ရောင်းဝယ်ရေး စာချုပ်များကို ချုပ်ဆိုခဲ့သည်။

၂၀၂၂ ခုနှစ်က ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ကမ္ဘာပေါ်တွင် ကာကွယ်ရေး အသုံးစရိတ် အများဆုံးနိုင်ငံ စာရင်းတွင် နံပါတ် ၁၀ နေရာ၌ရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်၏ ၂ ရာခိုင်နှုန်း ရှိခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (Stockholm International Reace Reasearch Institute) က ထုတ်ပြန်ခဲ့သည်။

Source: Nikkei Asia