CNI International News
တိုကျို၊ မေလ ၂၉
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းသို့ မော်တော်ယာဉ်များ၊ သံမဏိပိုက်များ အပါအဝင် ဂျပန်၏ အဓိက ပို့ကုန်များ တင်ပို့မှုသည် ဧပြီလအတွင်းက သိသိသာသာ ကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၂၈ ရက်တွင် ထုတ်ပြန်သည့် စာရင်း အချက်အလက်များကို ကိုးကားပြီး Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန်၏ တိုယိုတာ မော်တော်ကားကုမ္ပဏီက အရှေ့အလယ်ပိုင်းဒေသတွင်း ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခ များသည် ကုန်သွယ်မှုကို ထိခိုက်စေခဲ့သဖြင့် ဧပြီလအတွင်း ဂျပန်နိုင်ငံမှ အရှေ့အလယ်ပိုင်းဒေသသို့ တိုယိုတာ မော်တော် ယာဉ်တင်ပို့မှုမှာ ယခင်နှစ် ကာလတူထက် ၉၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အစီးရေ ၂၄၁၈ စီးသာ တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တိုယိုတာကုမ္ပဏီ၏ ဧပြီလအတွင်း ကမ္ဘာတစ်ဝန်း ရောင်းအားမှာလည်း ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၈၄၉,၃၀၆ စီးသာ ရှိခဲ့ကာ ရောင်းအားကျဆင်းမှုသည် ၃ လဆက်တိုက် ရှိလာခဲ့ပြီ ဖြစ်သည်။
ဆန့်ကျင်ဘက် အနေဖြင့် တိုယိုတာကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း မော်တော်ယာဉ် ထုတ်လုပ်မှုသည် ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အစီးရေ ၈၃၁,၉၇၁ စီးအထိ ရှိခဲ့ကာ ဧပြီလအတွက် စံချိန်တင် အမြင့်ဆုံး ထုတ်လုပ်မှုပမာဏလည်း ဖြစ်သည်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ရစဉ်
မော်တော်ယာဉ်များ ထုတ်လုပ်မှု ပမာဏအရ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် တိုယိုတာကုမ္ပဏီ၏ ပြည်ပရောင်းအားမှာ ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၆၉၉,၃၈၂ စီး ရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ တိုယိုတာကားများ၏ ရောင်းအားမှာ ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၂၂၂,၃၇၈ စီး ရှိခဲ့ကာ၊ အရှေ့အလယ်ပိုင်းဒေသ၌ ရောင်းအားမှာ ၃၃ ဒသမ ၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ပြီး အစီးရေ ၃၁,၃၆၀ စီးသာ ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် တိုယိုတာကုမ္ပဏီ၏ ပြည်တွင်း ရောင်းအားမှာမူ ၂၄ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အစီးရေ ၁၄၉,၉၂၄ စီး ရှိခဲ့သည်။
ဂျပန်၌ မတ်လကုန်တွင် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုအတွက် ပေးဆောင်ရသည့် ကုန်စည် ခွန်ကို ဖျက်သိမ်းမည် ဖြစ်သောကြောင့် မော်တော်ကားဝယ်ယူရန် ဆိုင်းငံ့ထားခဲ့ကြသော စားသုံးသူများ၏ ဝယ်လို အား ပြန်လည် မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။
ထုတ်လုပ်မှု အပိုင်းတွင်မူ တိုယိုတာ၏ ပြည်ပထုတ်လုပ်မှု ပမာဏမှာ ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၅၆၇,၅၇၈ စီး ရှိခဲ့ကာ၊ ပြည်တွင်း ထုတ်လုပ်မှုမှာမူ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အစီးရေ ၂၆၄,၃၉၃ စီး ရှိခဲ့သည်။
Source: Nikkei Asia
