CNI International News

တိုကျို၊ ဒီဇင်ဘာ ၉

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) ကို ၎င်း၏ စီးပွားရေးမူဝါဒ အစီအစဉ်အတွင်း အဓိကအခန်းကဏ္ဍတွင် ထားရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုအား တိုက်ဖျက်ရန်အတွက် လခများ တိုးမြှင့်ပေးရန် ကုမ္ပဏီများကို တိုက်တွန်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

မကြာသေးမီက အစိုးရအဖွဲ့၊ အလုပ်သမားရေးနှင့် စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တာကာအီချီက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရာ၌ အထောက်အကူ ဖြစ်စေရန်အတွက် လစာများ တိုးမြှင့်ပေးရန် ကုမ္ပဏီများအား မေတ္တာရပ်ခံခဲ့သည်။

လာမည့်နှစ်တွင် ပြုလုပ်မည့် လုပ်သားစီမံခန့်ခွဲရေး ဆွေးနွေးညှိနှိုင်းမှုများ မတိုင်မီ လုံလောက်သည့် လစာငွေ တိုးမြင့်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း တာကာအီချီက အလေးထား ပြောဆိုခဲ့သည်။

ထို့ပြင် ဂျပန်အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်အတွက် စီးပွားရေး လှုံဆော်မှု အစီအစဉ်များနှင့် SME လုပ်ငန်းများကို ပိုမိုခိုင်မာစေရန် အစီအစဉ်များကို မူကြမ်းရေးဆွဲနေသည်ဟု ဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီကို တွေ့ရစဉ် 

လစာငွေ မြင့်တက်မှုသည် စီးပွားရေးကို မြှင့်တင်ရန်နှင့် ငွေကြေးဖောင်းပွမှုအား တည်ငြိမ်စေမည့် မဟာဗျူဟာ တစ်ရပ်အဖြစ် ဂျပန်အစိုးရနှင့် ဗဟိုဘဏ်တို့က ထောက်ခံထားသည်။

လစာငွေ မြင့်တက်မှုကြောင့် လုပ်သားများသည် ဝင်ငွေများ တိုးလာကာ အသုံးစရိတ်များကိုလည်း ပိုမိုသုံးစွဲလာ မည်ဖြစ်သည်။ 

ထိုအခြေအနေမျိုးတွင် ကုမ္ပဏီများဘက်ကလည်း ရောင်းအား ပိုမိုကောင်းမွန်လာပြီး ထုတ်ကုန်များကိုလည်း စျေးနှုန်း မြှင့်တင်နိုင်မည်ဖြစ်သည်။

ထိုလည်ပတ်မှုမှတစ်ဆင့် ရေရှည်ခိုင်မြဲမည့် စီးပွားရေး နာလန်ထူမှုကို ဖြစ်စေနိုင်မည်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။

မည်သို့ပင်ဆိုစေ အလုပ်သမားများ၏ လုပ်အားနှုန်း ပိုမိုမြင့်တက်လာခြင်း မရှိပါက လစာငွေ တိုးပေးရုံဖြင့် လုံလောက်မည် မဟုတ်ဘဲ လုပ်ငန်းများ အနေဖြင့် မြင့်တက်လာသည့် လုပ်အားခ ကုန်ကျစရိတ်ကို ကာမိစေရန် ထုတ်ကုန်များကို စျေးနှုန်းများ မြှင့်တင်ခြင်းဖြင့် ကုန်စျေးနှုန်းများ မြင့်တက်လာသည့် အခြေအနေသို့လည်း ရောက်ရှိသွားနိုင်သည်ဟု ဝေဖန်ရေးသမားများက ပြောကြားခဲ့သည်။

အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှင့် ယန်းငွေတန်ဖိုး လျော့ကျမှုသည် ထိုအခြေအနေကို ဆိုးရွားစေနိုင်လိမ့်မည်ဟု ဆိုသည်။

ထို့ကြောင့် ဂျပန်အစိုးရသည် လာမည့်လများအတွင်း လုပ်ခလစာငွေများ တိုးမြှင့်ရေးနှင့် စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်များကို အသေးစိတ် ရေးဆွဲပြီး ထုတ်ပြန် သွားဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

Source: Nikkei Asia